သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဒေသခံတွေတိမ်းရှောင်


ကရင်ပြည်နယ်ထဲက ဒုက္ခသည်စခန်း (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂)
ကရင်ပြည်နယ်ထဲက ဒုက္ခသည်စခန်း (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂)

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ နေ့ရော ညပါ ပစ်ခတ်နေလို့ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ညပိုင်းအထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာ ၇ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေ အသက်ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့အကြောင်း သတင်းပေးပို့ချက်ကို မမြသဇင်အောင် က တင်ပြပေးပါမယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင် ကျေးရွာ အုပ်စုဘက်ကို စစ်ကောင်စီက ဒီရက်ပိုင်း စစ်ကြောင်း ဆက်တိုက် ထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ညပိုင်းအထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကျေးရွာတွေထဲ ပစ်ခတ်နေတာကြောင့် ကျေးရွာ ၇ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ ရွာသူရွာသားတွေ အသက်ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“ရွာပေါင်း ၇ ရွာက ဒေသခံလူထုတွေ စပြီးတော့ စစ်ပြေးတိမ်းရှောင်တာပေါ့၊ စစ်ကောင်စီက စစ်ကြောင်းထိုးလာတယ်ပေါ့လေ။ အဲ့ဒီ ခလယ်-တံခွန်တိုင်းတိုက်နယ် ဧရိယာတခွင်မှာပေါ့၊ အဲ့ဒါကြောင့်မို့ စစ်ရှောင်တွေကတော့ ဘေးလွတ်ရာ အသီးသီးကိုတော့ တိမ်းရှောင်ကြတာပေါ့။ ခန့်မှန်းလူဦးရေ ထောင်ကျော်တာပေါ့ ပြန့်ကြဲနေတော့ အတိအကျတော့ မရသေးဘူးပေါ့လေ စာရင်းက။ စစ်ကြောင်းနဲ့ ထိုးလာတဲ့အပြင် နေ့ရော ညပါ ဒီမွန်ပြည်နယ် အဘစ် အမြှောက်တပ် ကနေပြီးတော့လည်း အဲ့ရွာတွေမှာ လက်နက်ကြီး ၁၂၀ မတွေနဲ့ နေ့တိုင်းလှမ်းထုတော့ နေ့ရောညရောဆိုတော့ ဒေသခံလူထုတွေက နေလို့မရဲဘူးလေ၊ နေအိမ်တွေရောထိတယ် ထိခိုက်ပျက်စီးမှုရှိတာပေါ့လေ၊ ညတုန်းကလည်း လက်နက်ကြီးထုတဲ့သံကြားသေးတယ် ရွာမှာ ညတုန်းက နန်းသိုင်းထွန်း ရွာမှာလည်း လက်နက်ကြီး တလုံးကျသေးတယ်။”

မွန်-ကရင်နယ်စပ်ဖြစ်တဲ့ မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ရွာမှာ အခြေစိုက်တဲ့ အမြောက်တပ်(၃၁၈)တပ်ရင်းကနေ ကရင်ပြည်နယ် ကြားအင်ဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာ အုပ်စုဘက်ကို လှမ်းပစ်လာတာလို့ သူက ပြောပါတယ်။ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုဟာ အဘစ်ကျေးရွာရဲ့ တောင်ဘက်ခြမ်းမှာ တည်ရှိနေတာပါ။

ခုလိုတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကစလို့ ဒေသခံတွေ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရပြီး စစ်ပြေး ဒုက္ခသည်တွေ တနေ့တခြား ပိုများလာနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ တံခွန်တိုင်ရွာခံ စစ်ပြေးဒုက္ခသည် တဦးကတော့ လက်နက်သံတွေကြား အသက်ဘေးလွတ်အောင် ထွက်ပြေးလာရတဲ့အကြောင်း ခုလို ပြောပါတယ်။

“ဟိုညက အမိုးတို့အိမ်မှာ ပြန်အိပ်တာ (သေနတ်သံ)အလုံးငယ်သက်သက်ပဲ ပြေးရတာ သမီးရေ…မပြောနဲ့၊ (အသံက)တောင်ပေါ်မှာလာ ဘယ်နေရာလဲမသိဘူး (လက်နက်ကြီးသံ)အလုံးကြီးကတော့ ဘယ်ကလာလည်းတော့ မသိဘူး၊ အဲ့ဒီ အိမ်မှာနေတုန်း အိမ်မှာတစ်ညပြန်အိပ်တာ အဲ့ဒီအလုံးသေးတွေ လာလိုက်တာ အမိုးတို့ပြေး ပလိုက်တာ လူမထိတာ နည်းနည်းပဲ အခုထိ စိတ်ကမဟိုတင်တော့ဘူးပေါ့၊ အဲ့ဒီပြေးတဲ့အချိန်မှာ သေနတ်သံက ပလပ် ပလပ် ပလပ် ဆိုတော့ အင်း မထိတာ နည်းနည်းပဲလေ စိတ်ကမပြောနဲ့ တုန်လိုက်တာ မျက်ရည်တောင် မကျတကျပဲ အဲ့ဒီညက။”

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပါဝင်တဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား နှစ်ဘက်တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေတာပါ။ စစ်ကောင်စီတပ်တွေ ရှိရာနေရာတိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူက ပြောပါတယ်။

“နှစ်ဘက်တိုက်ပွဲတွေ ရှိတယ်။ ကြာအင်းဆိပ်ကြီးမှာဆိုရင် ဆိပ်ကြီးမြို့ပေါ်မှာရော ခလယ်-တံခွန်တိုင် ရဲစခန်းမှာ တံခွန်တိုင်ရွာရဲစခန်းမှာ ခြေကုတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ရော နောက် အနန်းကွင်း၊ လွတ်ရှမ်း၊ တောင်စွန်း နောက် မွန်ပြည်နယ် အဘစ်အမြှောက်တပ် အဲ့လိုပေါ့။ တိုက်ပွဲတွေက အနှံ့တနေရာပေါ့ တနေရာတည်း မဟုတ်ဘူး။ အကုန်လုံးက ပတ်ချာလည် ဖြစ်နေတာပေါ့။ စစ်ကောင်စီရှိမယ့်နေရာ အကုန်လုံးတိုင်းက တိုက်ပွဲရှိတာပေါ့။ မနေ့ကတော့ ညကပစ်တယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းကတည်းက ကြာအင်းဆိပ်ကြီး မြို့နယ်မှာ နှစ်ဘက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံအများစု အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။ တိုက်ပွဲ အခြေအနေ တည်ငြိမ်သွားရင် နေရပ်ပြန်လာလိုက်၊ အခြေအနေ တင်းမားလာရင် ပြန်ပြေးလိုက်နဲ့ ဒေသခံတွေဟာ မကြာခဏ တိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။


ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ရေးအခြေအနေ တင်းမာလာတိုင်း အဘစ်ရွာ အမြောက်တပ်(၃၁၈) တပ်ရင်းက လက်နက်ကြီးတွေနဲ့ မကြာခန ပစ်ခတ် တိုက်ခိုက်တာကြောင့် အမြှောက်တပ်အနီးမှာရှိတဲ့ အဘစ်ရွာခံတွေ နေအိမ်မှာမနေရဲကြဘဲ ထွက်ပြေးနေကြရတယ်လို့လည်း ရွာခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကြားအင်ဆိပ်ကြီး မြို့နယ်ဘက်ကို ရိက္ခာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ပစ်သတ်ခံရပြီးတဲ့နောက် ပစ်ခတ် တိုက်ခိုက်မှု အခြေအနေတွေ ပိုဆိုးလာတာလို့လည်း အဘစ်ရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။ လတ်တလောမှာတော့ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ အတွက် စားရေးသောက်ရေး၊ ဆေးဝါး စတဲ့ အကူအညီမျိုးစုံ လိုအပ်နေတယ်လို့ စစ်ရှောင်တွေနဲ့ သူတို့ကို ကူညီနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG