သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုး တိုင်းရင်းသားငါးဖွဲ့ စစ်ကောင်စီနဲ့ဆွေးနွေး


NCA လက်မှတ်ထိုး တိုင်းရင်းသားငါးဖွဲ့ စစ်ကောင်စီနဲ့ဆွေးနွေး၊ ဂျွန် ၂၇၊ ၂၀၂၃
NCA လက်မှတ်ထိုး တိုင်းရင်းသားငါးဖွဲ့ စစ်ကောင်စီနဲ့ဆွေးနွေး၊ ဂျွန် ၂၇၊ ၂၀၂၃
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၅ဖွဲ့တို့ ဒီလ ၂၆ ရက်နေ့ကစလို့ ၃ရက်ကြာ ဆွေးနွေးခဲ့ကြတာမှာမူပိုင်းဆိုင်ရာ သဘောတူညီချက် ၄ချက်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သဘောတူညီချက် ၅ချက် ရရှိခဲ့ပါတယ်။ နေပြည်တော်မှာလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲအကြောင်းသတင်းပေးပို့ထားတာ ကိုရဲမွန်အောင် ပြောပြမှာပါ။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၅ဖွဲ့တို့ ဟာ ဒီလ ၂၆ရက်နေ့ ကနေ ၂၈ရက်နေ့အထိနေပြည်တော်က အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် (EAO)တွေရဲ့ လိုလားချက်တွေကို ဆွေးနွေးခဲ့ပြီး သဘောတူ ညီချက် အချို့ ရခဲ့ကြောင်း NCA လက်မှတ်ထိုးတိုင်းရင်းသားတွေဖက်က ပြောရေး ဆိုခွင့်ရှိသူ စောမြရာဇာလင်းက VOA ကို ပြောပါတယ်။
“ အဓိကအားဖြင့်တော့ ကျမတို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးရေးအဖွဲ့လာတုံးကနှစ်ဦးနှစ်ဘက် သဘောတူညီထားတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ အဲဒီအချက်ကတော့ ၁၀ချက်ရှိခဲ့ပါတယ်။ နောက်ပြီးရင် EAO က ပေါင်းထည့်ထားတဲ့ ၃ချက်။ အားလုံး၁၃ချက်ဖြစ်ပါတယ်။အဲဒီအချက်တွေကိုလည်း အားလုံး ၁၃ချက် စုံစုံလင်လင် ဆွေးနွေးတယ်လို့ မပြောနိုင်ငြားသော်လည်း စုံနိုင်သလောက်တော့ စုံအောင်လို့ ဆွေးနွေးဖြစ်ပါတယ်။ ကျမတို့ ရနိုင်ခဲ့တယ်လို့ ပြောနိုင်တာကတော့ မူပိုင်းဆိုင်ရာ ၄ချက်။ ပြီးလို့ရှိရင် သဘောတူညီချက် ၅ချက်လို့ ကျမတို့ မှတ်ယူပါတယ်။ အဲလိုမျိုးကတော့ ကျမတို့ ရခဲ့ပါတယ်။ ”
ဆွေးနွေးတဲ့ အချက်တွေ၊ရရှိတဲ့ သဘောတူညီချက်တွေကိုတော့ အသေးစိတ်သတင်းထုတ်တာမရှိပါဘူး။ ဆွေးနွေးပွဲ ဒုတိယနေ့မှာ NCA လက်မှတ်ထိုး EAO အဖွဲ့တွေနဲ့ရရှိထားတဲ့ ဘုံသဘောတူညီချက် ၊ ဖက်ဒရယ်အခြေခံမူ ၊ လူသားချင်းစာနာတဲ့ အကူအညီပေးရေး၊ UWSA ဝ၊ NDAA မိုင်းလား၊ SSPP ရှမ်းမြောက်အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံရေး စတဲ့ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ ၃ရက်ကြာဆွေးနွေးပွဲမှာဖက်ဒရယ်အရေးအပြင် ငြိမ်းချမ်းရေးညီလာခံ ကိစ္စရပ်တွေလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း စောမြရာဇာလင်းက ပြောပါတယ်။
“ ကျမတို့ ဆွေးနွေးပွဲမှာ EAO တွေအထဲမှာ ပြင်ဆင်ထားကြတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ထည့်သွင်းလိုတဲ့အချက် ၂၃ချက် ရှိတယ်။ အဲဒီအချက်တွေကိုလည်း ကျမတို့က ဆွေးနွေးဖြစ်တယ်။ နိုင်ငံတော်ဆွေးနွေးရေးအဖွဲ့ကသူတို့တွေက ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖြည့်စွက်လိုတဲ့ အချက်တွေ ပေါ့လေ။ အဲဒီအချက်တွေကို ထောက်ပြပြီးတော့ သူတို့တွေဘက်ကလည်း ပြင်ဆင်နိုင်တဲ့ အချက်တွေကို ဆွေးနွေးကြတဲ့အပိုင်းတွေဖြစ်ပါတယ်။နောက်ပြီးလို့ရှိရင် ငြိမ်းချမ်းရေးညီလာခံ ကိစ္စတွေကိုလည်း အသေးစိတ်နီးပါး ဆွေးနွေးဖြစ်ကြပါတယ်။ ”
ငြိမ်းချမ်းရေးညီလာခံမှာပါဝင်သင့်သူတွေ အားလုံးကို ဖိတ်ကြားဖို့ ဆွေးနွေးခဲ့ပေမဲ့ဘယ်အချိန် ကျင်းပမယ် ဆိုတာကတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ ဆွေးနွေးပွဲ တက်ရောက်တဲ့ EAO ၅ဖွဲ့ အနေနဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ UWSA ဝ၊ NDAA မိုင်းလား၊ SSPP ရှမ်းမြောက် စတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဖို့လက်ခံထားကြောင်းလည်း ပြောပါတယ်။
တရုတ်မြန်မာနယ်စပ်အခြေစိုက်ဝ၊ မိုင်းလားနဲ့ ရှမ်းမြောက် အဖွဲ့တွေဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
နေပြည်တော် ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ EAO ၅ဖွဲ့ ကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC ) ၊လားဟူ ဒီမိုကရက်တစ်အစည်းအရုံး ( LDU )၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO ) တို့ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။
PPST အဖွဲ့မှာ အရင် NCA လက်မှတ်ထိုး EAO အဖွဲ့ ၁၀ဖွဲ့ ရှိခဲ့ပေမဲ့၊ အခုအခါမှာတော့၇ဖွဲ့ ပဲ ကျန်ရှိပါတယ်။ ဒီအထဲက ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နဲ့မွန်ပြည်သစ်ပါတီ NMSP တို့က အခုကျင်းပခဲ့တဲ့ နေပြည်တော်ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG