သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုး ၇ ဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ၂ ရက်ကြာ ဆွေးနွေး



NCA လက်မှတ်ထိုး ၇ ဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ဆွေးနွေးကြစဉ် (မတ်လ ၂၈ ၊ ၂၀၂၃)
NCA လက်မှတ်ထိုး ၇ ဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ဆွေးနွေးကြစဉ် (မတ်လ ၂၈ ၊ ၂၀၂၃)

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ နေပြည်တော်မှာ ၂ ရက်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်ရေးနဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စ အပါအဝင် အချက် ၇ ချက် ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားဟာ ငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ဖြစ်နိုင်မယ့်အခင်းအကျင်း မဟုတ်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ဒီသတင်းကို အခြေခံပြီး မမြသဇင်အောင်က တင်ပြပေးပါမယ်။

NCA အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ စစ်ကောင်စီရဲ့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ နေပြည်တော်မှာ ပထမဆုံးအကြိမ်အဖြစ် ၂ ရက်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဒီအလွတ်သဘောဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးတဲ့အချက်တွေကိုတော့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကျော်ညွှန့်က VOA ကို အခုလို ပြောပါတယ်။

“အဓိကကတော့ သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်လာဖို့၊ ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်ပေါ့လေ၊ အဲဒါလည်း ဆွေးနွေးဖြစ်တယ်။ နောက်ပြီးတော့ ဒီအနာဂတ်မှာ ကျနော်တို့ တည်ဆောက်လိုတဲ့ ဖက်ဒရယ် ပြည်ထောင်စုအတွက် အခြေခံမူတွေကိုလည်း ဆွေးနွေးဖြစ်တယ်။ နောက်ပြီးတော့ အရပ်သားများကို အကာအကွယ်ပေးရေး ဆိုင်ရာကိစ္စရပ်နဲ့ တဆက်တည်းပေါ့လေ။ အရပ်သားတွေရဲ့ လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်တွေကိုလည်း ပြောဆိုဖြစ်ကြတယ်။ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိစ္စရပ်တွေ၊ ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စရပ်တွေ၊ ဒီငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ကိစ္စရပ်တွေ အဲဒါတွေလည်း ကျနော်တို့ ပြောဖြစ်တယ်။”

လက်ရှိ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှာ ကြိုတင်ကန့်သတ်ချက်တွေ မပါဝင်ဘဲ နှစ်ဘက်အကြားမိမိတို့ ဆွေးနွေးလိုတဲ့ ခေါင်းစဉ်တွေကို အဓိက ညှိနှိုင်းဆွေးနွေးခဲ့ကြတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ သက်ဆိုင်သူများအားလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်လာဖို့ကို အစဉ်တစိုက် တောင်းဆိုခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့အတွက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးညီလာခံကို ဘယ်လိုကျင်းပမယ်ဆိုတာကိုတော့ အသေးစိတ် ညှိနှိုင်းဆွေးနွေးတာ မရှိသေးကြောင်းလည်း ဗိုလ်မှုးကြီး စောကျော်ညွှန့်က ပြောပါတယ်။

ဒီလ ၂၂ရက်နေ့က UWSA ဝ၊ NDAA မိုင်းလားနဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီတို့နဲ့ ဆွေးနွေးစဉ်ကလည်း စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကို ထည့်သွင်း ဆွေးနွေးခဲ့ဖူးပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအေးမောင်ကျော်ကတော့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးနဲ့ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောဆိုထားပါတယ်။

“ငြိမ်းချမ်းရေးညီလာခံဆိုတာကတော့ နိုင်ငံရေးအရ တည်ငြိမ်ပြီးတော့လေ အားလုံးပါဝင်နိုင်တဲ့ အခြေအနေမျိုးတွေ ပေါ့လေ။ ပြည်တွင်းရော၊ နိုင်ငံတကာကရော ထောက်ခံနေတဲ့ အခြေအနေမျိုးတွေမှာ လုပ်မှပဲ ငြိမ်းချမ်းရေးညီလာခံလို့ ခေါ်နိုင်တာပေါ့ဗျာ။ အခုဟာကတော့ အားလုံးလည်း ပါနိုင်မှာ မဟုတ်ဘူးလေ။ အားလုံးလည်း မပါနိုင်ဘူး။ နောက် နိုင်ငံတကာရဲ့ထောက်ခံမှုလည်း ရချင်မှ ရမယ်။ ပြည်တွင်းကလည်း အကုန်လုံးက ထောက်ခံမှာ မဟုတ်ဘူးလေ။ တကယ်တမ်း နိုင်ငံရဲ့ရှေ့ရေးကို အခိုင်အမာ ချမှတ်နိုင်မယ့် လမ်းစဉ်တွေ ဖော်ထုတ်နိုင်မယ့် ညီလာခံမျိုးပေါ့နော်။ ဒီအများထောက်ခံတဲ့ ညီလာခံမျိုးဖြစ်ဖို့ဆိုတာတော့ တော်တော်ခက်တာပေါ့။ နိုင်ငံရေးမှ မတည်ငြိမ်တာကိုး။ နိုင်ငံရေးမတည်ငြိမ်ဘဲ ပဋိပက္ခတွေ ပြင်းထန်နေတဲ့အခြေအနေမျိုးမှာ ညီလာခံလုပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးဗျ။”

အရင် သမ္မတ ဦးသိန်းစိန်နဲ့ NLD အစိုးရလက်ထက်တွေက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၊ နောက်ပိုင်း ၂၁ ရာစု ပင်လုံအမည်နဲ့ ညီလာခံ ၅ ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီး နောက်မှာတော့ ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဟာ ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA-PC)၊ လားဟူးဒီမိုကရက်တစ် အစည်းအရုံး (LDU)နဲ့ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (PNLO) တို့ ပါဝင်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}















XS
SM
MD
LG