သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ စစ်ကောင်စီဖျက်သိမ်း


၂၀၁၈ NLD ပါတီညီလာခံမြင်ကွင်းတခု။ (ဇွန် ၂၃၊ ၂၀၁၈)
၂၀၁၈ NLD ပါတီညီလာခံမြင်ကွင်းတခု။ (ဇွန် ၂၃၊ ၂၀၁၈)

{{Zawgyi/Unicode}}

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်နိုင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ရက်ရောက်လာပြီးတဲ့နောက် အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ပါတီပေါင်း ၄၀ ကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်လိုက်ပါတယ်။ မှတ်ပုံပြန်တင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေကြားမှာလည်း ပါတီရပ်တည်ရှင်သန်ရေးအတွက် စိုးရိမ်မှုတွေရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီတွေပြန်မှတ်ပုံတင်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးသတ်မှတ်ပေးရက် မတ်လ ၂၈ ရက် ကျော်လွန်လာပေမယ့် အဓိက နိုင်ငံရေးပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ပါတီတော်တော်များများ ပြန်လည်မှတ်ပုံတင်နိုင်တာ မရှိခဲ့ပါဘူး။ ပါတီရှင်သန်ရပ်တည်ရေးအတွက်ရော စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ပါတီတွေကတော့ ပါတီမှတ်ပုံတင်ဥပဒေသစ်ကို လိုက်နာပြီး မှတ်ပုံတင်ကြသူတွေလည်းရှိပါတယ်။

တချို့ပါတီတွေဟာ အရင်က ပြည်ထောင်စုတဝန်းလုံးကို မှတ်ပုံတင်ထားတဲ့ပါတီတွေဖြစ်ပေမယ့် တင်းကြပ်တဲ့စည်းမျဉ်းသစ်တွေကြောင့် အခုအခါမှာတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မယ့် ပါတီ တွေအနေနဲ့ ပြောင်းလဲမှတ်ပုံတင်လာသလို တချိူ့ကတော့ ပါတီချင်းစုဖွဲ့ပြီး ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့်ပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒီလို‌ ပါတီတွေပေါင်းပြီး ညွန့်ပေါင်းပါတီတခုအနေနဲ့ ပြန်လည်မှတ်ပုံတင်တဲ့ ပါတီတွေထဲမှာ ၈၈ ခေါင်းဆောင် ကိုကိုကြီးတည်ထောင်ထားတဲ့ပြည်သူ့ပါတီလည်း ပါဝင်ပါတယ်။ ပြည်သူ့ပါတီဟာ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (NUDP) နဲ့ပူးပေါင်းပြီး စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်ဖို့ ပြင်ဆင်နေတာပါ။

မှတ်ပုံတင်တဲ့ပါတီတခုအနေနဲ့ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲအပေါ်ဘယ်လောက်ယုံကြည်မှုရှိသလဲဆိုတာနဲ့ပတ်သတ်လို့ ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်လင်းကတော့ ခုလိုပြန်လည်ပြောဆိုလာပါတယ်။

“ရွေးကောက်ပွဲအပေါ်ဘယ်လောက်ယုံကြည်လဲဆို ရွေးကောက်ပွဲဘယ်လိုကျင်းပရမှန်းမသိချိန်မှာ ကျနော်တို့ပြောဖို့စောသေးတယ်လို့ သတ်မှတ်ပါတယ်။ အခုထိက နိုင်ငံရေးပါတီတခုပြည်တွင်းမှာ ရပ်တည်ရမယ်။ ရပ်တည်ရေးနဲ့ပါတီရှင်သန်ရေးအတွက်ပဲလုပ်နေတဲ့အတွက် သူတို့ဘယ်လောက်ထိ နိုင်ငံရေးပါတီတွေအပေါ် ဘယ်လိုသဘောထားထားလဲဆိုတာ သူတို့ကိုယ်တိုင်ပြသတာက အားနည်းနေပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သတ်လို့ထပ်မပြောဆိုချင်သေးပါဘူး။ သူတို့အပေါ်ယုံကြည်မှုဆိုတာသူတို့လုပ်ရပ်အပေါ်မှာပဲ သတ်မှတ်ရမှာပါ။”

ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီတွေဟာ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် လူတသိန်းစည်းရုံးရမှာဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်တဲ့ ပါတီတွေကတော့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံးတထောင် စုစည်းရမှာပါ။

ဒီကန့်သတ်ချက်တွေကြောင့် နိုင်ငံရေးပါတီထက်ဝက်နီးပါးလောက် ပါတီမှတ်ပုံတင်နိုင်တာ မရှိခဲ့ပါဘူး။ ဒီထဲမှာ တအောင်း ပလောင် အမျိုးသားပါတီလည်းပါဝင်ပါတယ်။ တအောင်း ပလောင် အမျိုးသားပါတီအတွင်းရေးမှူး ဦးကျော်အောင်ကတော့ လက်ရှိစစ်ကောင်စီဖော်ဆောင်နေတဲ့ ပါတီနိုင်ငံရေးဟာ လူနည်းစုတိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍ နည်းသွားမယ်လို့ သူကပြောပါတယ်။

“ပါတီစုံဒီမိုကရေစီဖြစ်ဖို့အတွက်က ခုနပြောသလို ပါဝင်နိုင်ရင်တော့ပိုကောင်းတာပေါ့။ အားလုံးပါဝင်တဲ့လမ်းကြောင်းတခုတော့ဖြစ်တာပေါ့ဗျာ။ အခုလိုဖြစ်တဲ့အခါကျတော့ ဒေသကိုယ်စားပြုတဲ့လူမျိုးစုတွေကိုယ်စားပြုတဲ့ပါတီတွေက တချို့တချို့ကရပ်တည်နိုင်တယ်။ တချို့တချို့က မရပ်တည်နိုင်တဲ့ အနေအထားဖြစ်တဲ့အခါကျတော့ ဒေသတွင်းပြည်သူ့အသံတွေ အခက်အခဲတွေ လိုက်ပါဆောင်ရွက်နိုင်ဖို့ ခက်ခဲသွားပြီ။ ခက်ခဲသွားတဲ့အပေါ်မှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းကတော့ ဘယ်လိုရှိလာမလဲ မမှန်းဆတတ်ပေမယ့် ဒေသတွင်းလိုအပ်ချက်တွေ ပြည်သူတွေအသံမပေးနိုင်တာ သေချာသွားပြီပေါ့။ ပြည်သူတွေအနေနဲ့ အခက်အခဲတော့ရှိတာပေါ့လေ။”

တိုင်းရင်းသားပါတီထဲ အင်အားကြီးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ စစ်ကောင်စီပြဌာန်းတဲ့ဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ မှတ်ပုံမတင်တဲ့ပါတီအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုဆက်လက်ရပ်တည်မလဲဆိုတာနဲ့ ပတ်သက်လို့ ပါတီအထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွှန့်ကတော့ ပါတီအနေနဲ့ စဉ်းစားလုပ်ဆောင်နေဆဲမို့ အသေးစိတ် ဖြေဆိုနိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့အပါအဝင် ပါတီ ၄၀ ကျော်ကို မှတ်ပုံတင်ပယ်ဖျက်လိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က မတ် ၂၈ ရက်ညပိုင်းက ကြေညာခဲ့ပါတယ်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ရက်ပေါင်း ၆၀ အတွင်းမှာ ပြန်လာလျှောက်တဲ့ ပါတီ ၅၂ ပါတီရှိပြီး ဒီထဲ ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီက ၁၂ ပါတီရှိပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မယ့် ပါတီက ၄၀ ပါတီအထိရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် တည်ဆဲ ၉၁ ပါတီအနက် ပါတီ ၄၀ ကျော်ပဲ မှတ်ပုံပြန်တင်နိုင်ခဲ့ပါတယ်။ ဒီထဲမှာ ပါတီအသစ် ၁၀ ပါတီ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}
















ဆက်စပ်သတင်းများ ...

XS
SM
MD
LG