သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SNLD ပါတီ ဘာကြောင့် မှတ်ပုံမတင်သလဲ 


SNLD party Flag (Courtesy: SNLD Facebook)
SNLD party Flag (Courtesy: SNLD Facebook)

{{Zawgyi/Unicode}}

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်မှာမဟုတ်ဘူးလို့ အကြီးဆုံးတိုင်းရင်းသားလူနည်းစုပါတီဖြစ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ အကျိုးဆက် ကြုံရနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒီလ ၂၈ ရက် နောက်ဆုံး မှတ်ပုံမတင်ရင် ပါတီဖျက်သိမ်းပြီးသားဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က တင်းကြပ်ထားချိန်၊ ရှမ်းပါတီတွေထဲ မဲ အများဆုံးရလေ့ရှိတဲ့ SNLD ပါတီကြီးအနေနဲ့ ဘာကြောင့် ခုလို ဆုံးဖြတ်ရတာပါလဲ။ ဘယ်လိုစိုးရိမ်မှုရှိပြီး ဘယ်လိုရှေ့ဆက်ဖို့ ရှိပါလဲ။ ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

SNLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ကြာသပတေးနဲ့သောကြာမှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး ဘာကြောင့် ဒီလိုဆုံးဖြတ်ခဲ့ရပုံကို အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က အခုလို ပြောပါတယ်။

“နစကအနေနဲ့ ရွေးကောက်ပွဲကိုဘယ်တော့လုပ်မယ်ဆိုတာ အတိအကျ ကြေညာထားခြင်းမရှိဘူး။ ဒါ ဆုံးဖြတ်ရ အင်မတန်ခက်ခဲစေပါတယ်။ ဒုတိယတချက်က ပါတီဝင်ထုကို သွားရောက်ပြီးတော့မှ သဘောထားရယူဖို့အတွက် နယ်ဆင်းမယ်၊ အထူးသဖြင့်တော့ ကယားပြည်နယ်၊ ကချင်ပြည်နယ် အစရှိတဲ့ဒေသတွေမှာ တွေ့ဆုံဖို့အတွက် အချိန်နည်းတယ်။ လုံခြုံရေးအရ အကန့်အသတ်ရှိတယ်။ ပါတီဝင်ထုတရပ်လုံးရဲ့သဘောထားကိုရယူဖို့ ခက်တဲ့အတွက်ကြောင့်မို့လို့ မဆုံးဖြတ်နိုင်သေးဘဲနဲ့ လောလောဆယ်အားဖြင့် ဆက်လက်မှတ်ပုံတင်စရာမရှိဘူးလို့ ဆုံးဖြတ်လိုက်ရပါတယ်။

ဒီအပေါ် ပြည်ထောင်စု၊ အင်စတီကျုသုတေသန ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာစိုင်းဦးကလည်း

“SNLD အနေနဲ့ လက်ရှိ ပုံမှန်အခြေအနေမဟုတ်ဘူး။ ရွေးကောက်ပွဲပြဿနာမကြာခဏ ပြောပြီးတော့ SAC လုပ်နေတဲ့ဟာတွေက တကယ်စစ်မှန်တဲ့ပြောင်းလဲမှုဖြစ်လာမှာမဟုတ်ဘူးလို့ သူတို့က မြင်တယ်။ အဲလိုအမြင်ရှိတယ်။ အခက်အခဲတခုပဲရှိတာပေါ့။ တကယ်လို့ မှတ်ပုံမတင်လို့ရှိရင် ဘာအကျိုးဆက်ရှိလာနိုင်မလဲပေါ့။”

ဒီအကျိုးဆက်စိုးရိမ်မှုအပေါ်မေးရာမှာ ဦးစိုင်းလိတ်က -

“စိုးရိမ်ချက်ဆိုတာတော့ တချို့လည်း ရှိတာပေါ့နော်။ နိုင်ငံရေးပါတီလို့ ပြောလိုက်တာနဲ့ မှတ်ပုံတင်ရှိခြင်း မရှိခြင်း၊ နောက် ရွေးကောက်ပွဲဆိုတာနဲ့ နှိုင်းယှဉ်ပြီးတော့မှ စဉ်းစားတဲ့ပုဂ္ဂိုလ်အနည်းအကျဉ်းတော့ ရှိပါတယ်။ ဒါပေမဲ့ အကြေအလယ်ဆွေးနွေးပြီးတဲ့နောက်မှာတော့ အားလုံးက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်ကသာလျှင် အဓိကဖြစ်တယ်၊ ရွေးကောက်ပွဲက အဓိကမဟုတ်ဘူးလို့ နားလည်လက်ခံပြီးတော့မှ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကျနော်တို့က ၂၀၁၀ တုန်းကလည်း ဒါလိုမျိုး အတွေ့အကြုံရှိခဲ့ဖူးတယ်။ လူထုရဲ့ထောက်ခံမှုကသာလျှင် အဓိကဖြစ်တယ်။ မှတ်ပုံတင်ကအဓိကမဟုတ်ဘူးဆိုတဲ့သဘောထားမျိုးကတော့ နှစ်ဆယ်ချီပြီးတော့ ကြုံတွေ့ခဲ့ဖူးတဲ့အတွက်ကြောင့် ထူးပြီးစိုးရိမ်တာမျိုး မရှိပါဘူး။”

ဒါ့ပြင် SNLD ရဲ့အရင်ကတည်းက ဒီမိုကရေစီနဲ့ဖက်ဒရယ်အပေါ် ရပ်တည်ခဲ့တာကိုလည်း ပင်လုံမျိုးဆက်သစ်သုတေသနအဖွဲ့က စိုင်းထွန်းအေးက -

“NLD အခု ရွေးကောက်ပွဲ မဝင်လို့ အခု (SNLD) မှတ်ပုံမတင်ဘူးဆိုတဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ၂၀၀၄ ခုနှစ်က ကတည်းက ညောင်နှစ်ပင် စကတည်းကကိုနဲ့ SNLD ကသပိတ်မှောက်တယ်လေ၊ ပြည်သူအတွက်မျှော်မှန်းထားတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ရဲ့လိုင်းကို ကျမှာမဟုတ်ဘူးဆိုတာကို သိတဲ့အတွက် အဲဒီကတည်းက သပိတ်မှောက်ခဲ့တာပါ။ အခု မှတ်ပုံတင်မှ၊ တရားဝင်ပါတီအဖြစ်ရပ်တည်မှသာ လူထုစည်းရုံးရေးတွေ လုပ်နိုင်တယ်လို့ မဟုတ်ပါဘူး။ သူ့.လူထုနဲ့သူရှိတာပဲ၊ SNLD ကလည်း။ လက်ရှိကာလမှာတော့ သွေးထွက်သံယိုမှုတွေ ဖြစ်နေတာ။ ဘယ်လိုလုပ် တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလဲဆိုတာ သာမန် ပြည်သူကတော့ သဘောပေါက်မယ်။”

အဲဒီတော့ ဘယ်လိုရှေ့ဆက်မလဲဆိုတာကိုမေးရာမှာ ဦးစိုင်းလိတ်က -

“အစိုးရအပြောင်းအလဲဆိုတာထက်ပေါ့ဗျာ-စနစ်ပေါ့၊ အဓိက က system change ကိုသွားရမယ်လို့ ကျနော်တို့ CEC တဖွဲ့လုံးကနားလည်ထားပြီး ဒီဥစ္စာကို ပါတီဝင်ထုကို တင်ပြမယ်။ တချိန်တည်းမှာ မဟာမိတ်အဖြစ်လက်တွဲခဲ့ဖူးတဲ့၊ လက်တွဲလာလတံ့သော ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ချီတက်နိုင်ဖို့အတွက် ဆက်လက်ပြီး ရုန်းကန်ဆောင်ရွက်သွားဖို့ပြင်ဆင်နေကြပါတယ်။”

ဒီ ရှေ့ဆက်အကျိုးဆက်ကြီးနိုင်ဖို့ကိုလည်း ဒေါက်တာစိုင်းဦးက အခုလို ပြောပါတယ်။

“SNLD ကတော့ ရှမ်းလူထုတွေထောက်ခံမှုက အမြဲရှိနေမယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ SNLD ရဲ့ရပ်တည်ချက်က မြန်မာပြည်တခုလုံးမှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီကြီးကို လူထုက အမြဲတမ်းထောက်ခံအားပေးခဲ့သလို SNLD က ရှမ်းလူထုနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ တချို့လူတွေ ယုံကြည် ထောက်ခံမှုကရရှိပြီးသား ဖြစ်တယ်။ သူတို့ကို တကယ်လို့ တရားဝင်ပါတီမဟုတ်ဘူးဆိုပြီး ကြေညာခဲ့ရင်လည်း ဒီလူတွေများစုထောက်ခံတဲ့ပါတီကို နိုင်ငံရေးလောကထဲမှာ ဆက်လက်ရပ်တည်ခွင့်မရှိတော့ဘူးဆိုတဲ့ဟာ နိုင်ငံရေးပြဿနာသစ်တွေကို ထပ်ပြီးတော့ မွေးဖွားတဲ့သဘောမျိုး ဖြစ်သွားမယ်။”

လက်ရှိမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအပါအဝင် ပြည်ထောင်စုအဆင့် ပါတီ ၇ ခုနဲ့ တိုင်းနဲ့ပြည်နယ်အဆင့်ပါတီ ၂၀ ပါတီမှတ်ပုံတင်ထားပေမဲ့ ရခိုင်မှာအကြီးဆုံးပါတီဖြစ်တဲ့ ANP ရခိုင်အမျိုးသားပါတီကလည်း မဆုံးဖြတ်ရသေးပါဘူးခင်ဗျာ။

SNLD ပါတီ ဘာကြောင့် မှတ်ပုံမတင်သလဲ.mp3
please wait

No media source currently available

0:00 0:04:06 0:00
တိုက်ရိုက် လင့်ခ်

===========

{{Unicode}}
















XS
SM
MD
LG