သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ညှိုနှုင်းဆွေးနွေးပွဲဖြစ်ဖို့ NCA အဖွဲ့တွေဆွေးနွေး


NCA_EAOs meeting in Chiang Mai, Thailand ( 17, 18 MAY 2023 ) (photo: NCA_EAOs facebook)
NCA_EAOs meeting in Chiang Mai, Thailand ( 17, 18 MAY 2023 ) (photo: NCA_EAOs facebook)

မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ညှိုနှုင်းဆွေးနွေးပွဲဖြစ်ဖို့ NCA အဖွဲ့တွေဆွေးနွေး

မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြေရှင်းဖို့ ပါဝင်ထိုက်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ညိနှိုင်းဆောင်ရွက်ရေး ဖော်ဆောင်ဖို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုဉာဏ်ဝင်းအောင်ပြောပြမှာပါ။


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီး လက်ရှိ စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ၇ဖွဲ့ရဲ့ ထိပ်သီးမျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မေလ ၁၇ ရက်ကနေ ၁၈ ရက်နေ့အထိ ၂ရက်ကြာ ဆွေးနွေးခဲ့တာပါ။

ဒီဆွေးနွေးပွဲဟာ မတ်လ နောက်ဆုံးပတ်က EAO ၇ဖွဲ့ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ NSPNC အကြား အလွတ်သဘော ဆွေးနွေးတဲ့အချက်တွေကို ထိပ်သီးခေါင်းဆောင်တွေအကြား ပြန်လည်သုံးသပ် ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

ဒီနေ့ပြီးဆုံးသွားတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ EAO ၇ဖွဲ့က အရင်ချမှတ်ထားခဲ့တဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြောက်ရေး ဆိုတဲ့အချက်ကို ပြန်လည် ထည့်သွင်း ဆွေးနွေး ခဲ့ကြပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲကို အမျိုးသားလုပ်ငန်းစဉ် National Ownership နဲ့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ် Joint Ownership ဖြစ်ပေါ်ရေးကို ဆွေးနွေးခဲ့ကြောင်းလည်း ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကျော်ညွှန့်က အခုလို ရှင်းလင်းပြောဆိုပါတယ်။

“ဒီလိုမျိုးနိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနည်းနဲ့ အဖြေရှာတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေမှာ တစ်ဘက်တည်းက ခေါ်တဲ့အချိန်၊ တစ်ဘက်တည်းက ခေါ်တဲ့နေရာ၊ တစ်ဘက်တည်းက စီစဉ်တဲ့ Agenda အတိုင်း တစ်ဘက်က လိုက်ပါ ဆောင်ရွက်ရတာ မဟုတ်ဘဲနဲ့၊ ဒါ သက်ဆိုင်တဲ့ ဘက်နှစ်ဘက်စလုံးကနေပြီးတော့ နှစ်ဘက်စလုံးပိုင်ဆိုင်တဲ့ အခင်းအကျင်း၊ နှစ်ဘက်စလုံး ပူးပေါင်းပါဝင်တဲ့ အခင်းအကျင်းဖြစ်တဲ့ Joint Ownership အခင်းအကျင်းကို ကျနော်တို့က ညှိနှိုင်းဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ကျနော်တို့ ထည့်သွင်းတာ ဖြစ်ပါတယ်။”

အခြားအရေးကြီးတဲ့ဆွေးနွေးချက်တွေမှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်တွေမှာ ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုနဲ့ ဒီမိုကရေစီ ဖက်ဒရယ်အခြေခံမူအပေါ်မှာ ခိုင်မာစွာ ရပ်တည်ရေး ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ AHA နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ပါတယ်။ ဒါအပြင် အရပ်သားတွေ အကာအကွယ်ပေးရေးနဲ့ အခြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်တွေအတွက်လည်း နည်းလမ်းရှာ ဆွေးနွေးခဲ့ပါတယ်။

မေလ ၇ရက်နေ့မှာတော့ အာဆီယံသံတမန်တွေနဲ့ AHA ဝန်ထမ်းတွေဟာ စစ်ပြေးဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ သွားရောက်စဉ် သူတို့လိုက်ပါတဲ့ ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်းမှာ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်မှာတော့ မိုခါ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးရတာတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ရခိုင်အပါအဝင် မုန်တိုင်းသင့်ဒေသတွေအတွက် အရေးပေါ် အကူအညီတွေ ပေးနိုင်ရေးကို တတ်စွမ်းသမျှ ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့မတ်လ နောက်ဆုံးပတ်အတွင်းမှာ EAO ၇ဖွဲ့ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ NSPNC အကြား အလွတ်သဘော ဆွေးနွေးခဲ့စဉ်က စစ်ကောင်စီဘက်က ဒေသတည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲ ကျင်းပရေးနဲ့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး ကိစ္စရပ်တွေကို ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

EAO ၇ဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA-PC)၊ လားဟူးဒီမိုကရက်တစ် အစည်းအရုံး (LDU)နဲ့ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (PNLO) တို့ ပါဝင်ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG