သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံထိန်းချုပ်ရေး စစ်ကောင်စီမျှော်လင့်သလိုဖြစ်မလာသေး


၇၈ကြိမ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (မတ် ၂၇၊ ၂၀၂၃)
၇၈ကြိမ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (မတ် ၂၇၊ ၂၀၂၃)

မြန်မာနိုင်ငံတွင်းက စစ်ကောင်စီနဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ အဖွဲ့တွေကို အပြီးသတ်ချေမှုန်းသွားမယ်လို့ မြန်မာစစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ တပ်မတော်နေ့တုန်းက ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက်ကိုလည်း စစ်ကောင်စီအနေနဲ့ ကြိုးပမ်းနေရတဲ့ အခြေအနေပါ။ နိုင်ငံတကာအသိုင်းအဝန်းကတော့ စစ်ကောင်စီရဲ့ ပြောဆိုမှုနဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်ပြစ်တင်ပြီး ပိတ်ဆို့ဒဏ်ခတ်တာတွေကိုလည်း ဆက်ပြီးဆောင်ရွက်နေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုဇော်ဝင်းလှိုင်က ပြောပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ကျရောက်ခဲ့တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို အောင်မြင်အောင် ချေမှုန်းသွားမယ်လို့ ပြောခဲ့ပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အပြင် ဒီအဖွဲ့တွေကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေကိုပါ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားတာပါ။

"နိုင်ငံတဝန်းလုံးရှိ ပြည်သူများရဲ့ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်သွားမှာပဲ ဖြစ်တယ်။ အဲဒီလို လုပ်ဆောင်ရာမှာ NUG နဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ၊ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။"

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရုရှားနဲ့ စစ်သံရုံးတချို့က စစ်သံမှူးတွေအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ နိုင်ငံရေးပါတီတချို့လည်း တက်ရောက်ခဲ့ပါတယ်။ တပ်မတော်နေ့မှာပဲ မြန်မာစစ်ကောင်စီအပေါ် နောက်ထပ်ပိတ်ဆို့ ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ကြောင်း ဗြိတိန်အစိုးရက ကြေညာခဲ့ပါတယ်။ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီရအောင် ဝန်ဆောင်မှုပေးနေတဲ့ စီးပွားရေးလုပ်ငန်း နောက်ထပ်တခုနဲ့ တာဝန်ရှိသူ လူပုဂ္ဂိုလ်တဦးကို ထပ်ပြီးဖြည့်စွက် အရေးယူလိုက်တာပါ။

ဆန့်ကျင်ဘက်အင်အားစုတွေကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ဒါဟာ စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို ဆက်လက် ကျူးလွန်သွားမယ်ဆိုတာ ဝန်ခံလိုက်တာဖြစ်တယ်လို့ NUG ဘက်ကတော့ တုန့်ပြန်ထားပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ သဘောထားတုန့်ပြန်ချက်ကို သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ဗွီအိုအေကို အခုလိုပြောပါတယ်။

"တချိန်တုန်းကလည်း သူ့ကိုယ်သူ လူကောင်းယောင်ဆောင်ပြီးတော့ ငြိမ်းချမ်းရေးနှစ် ဖြစ်ရမယ်ဆိုပြီး ကြေညာသလို ကြေညာ၊ တဖက်သတ် အပစ်အခတ်ရပ်စဲရေးလုပ်မယ်လို့ ကြေညာတယ်ဆိုပြီး ကြေညာ၊ အားလုံးကလိမ်ညာနေတာ လူတိုင်းပဲသိပါတယ်။ ဆိုတော့ သူဘယ်လိုပဲ ပါးစပ်က ဘယ်လိုပဲထွက်ထွက်၊ မင်းသားစကားပဲထွက်ထွက်၊ ဘီလူးစကားပဲထွက်ထွက်။ သူလုပ်နေတဲ့လုပ်ရပ်က လူသတ်နေတဲ့ လုပ်ရပ်။ အဲဒါကို သူလူသတ်နေတယ် ဆိုတာကို သူဝန်ခံပြီးတော့ ပြည်သူ့အစိုးရကို သူတို့ ပြည်သူတွေကိုသတ်ဖြတ်ဖို့ကြိုးစားမယ်ဆိုတာ သူဝန်ခံသွားတာပဲ။ ဒါက စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ဟာကို ဝန်ခံသွားခြင်းဖြစ်ပါတယ်။"

NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော
NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော

Amnesty International အဖွဲ့ကြီးရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာတော့ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ တိုးလာပြီး၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ရာဇဝတ်မှုလို့ သတ်မှတ်နိုင်တဲ့ အကြမ်းဖက်မှုတွေ ရှိခဲ့သလို၊ စစ်တပ်ရဲ့ ဖိနှိပ်မှုနဲ့ အခြေခံအခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ရှိနေခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားပြီး မဆင်မခြင် ထိုးစစ်ဆင်ပစ်ခတ်မှုတွေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြား အရပ်သားတွေ ရာနဲ့ချီသေဆုံးခဲ့ရတာကို အစီရင်ခံစာက အလေးပေး ရေးသားထားပါတယ်။

ဒါ့အပြင် ကုန်ဈေးနှုန်း၊ စွမ်းအင်လောင်စာဈေး တိုးမြင့်တာတွေကြောင့် ကျန်းမာရေးနဲ့ တခြားလူမှုရေးဆိုင်ရာ ကိစ္စတွေ ထိခိုက်ပြီး အကျပ်အတည်းတွေ ပိုမိုရင်ဆိုင်ရသလို၊ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြား အရပ်သားတွေ ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ အခြေအနေနဲ့ လူတွေအစုလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာတွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို လောလောဆယ်မှာ အတိအကျ မကြေညာနိုင်သေးဘူးလို့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

၇၈ကြိမ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကိုတက်ရောက်လာတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (မတ် ၂၇၊ ၂၀၂၃)
၇၈ကြိမ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကိုတက်ရောက်လာတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (မတ် ၂၇၊ ၂၀၂၃)

"ကျနော်တို့ အစိုးရအနေနဲ့ အာမခံထားတာ ၂ခုရှိတယ်။ နံပါတ် ၁ က ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ အာမခံတယ်။ နံပါတ် ၂ အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ခိုင်ခိုင်မာမာ အာမခံတယ်။ အဲဒီ အခြေခံ ၂ချက်ကို သွားနေပြီး ကျနော်တို့ ဘယ်တော့မှ လွဲချော်သွားမှာ မဟုတ်ပါဘူး။ အဲတော့ ကျနော်တို့ ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံထားတဲ့အတွက် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မဖြစ်မနေလုပ်နိုင်ဖို့အတွက် အခြေအနေတွေ တည်ဆောက်နေတယ်။ အခြေအနေတွေ တည်ဆောက်နေတဲ့နေရာမှာ ခုနကပြောတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံဖို့လိုတယ်။ အဲလို ပြည့်စုံမှုရှိတဲ့အခါမှာ ကျနော်တို့ ဆောင်ရွက်သွားမယ်။ ဘယ်အချိန်မှာလုပ်မယ် ဆိုတဲ့ အချိန်အတိအကျတော့ အခုချိန်မှာ လုံခြုံရေးအခြေအနေတွေ၊ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဘယ်အချိန်မှာ လုပ်မယ်ဆိုတာကို အတိအကျ ပြောနိုင်ခြင်း မရှိပါဘူး။ ခုနက အာမခံချက် ၂ခုကတော့ အမြဲတမ်းရှိမှာပါ။"

စစ်ကောင်စီဘက်က စီစဉ်နေတဲ့ ရွေးကောက်ပွဲအပေါ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ စစ်ကောင်စီကကျင်းပမယ့် အခုရွေးကောက်ပွဲအပေါ် မှတ်ပုံတင်ထားတဲ့ ပါတီတခုအနေနဲ့ ဘယ်လောက်အထိ ယုံကြည်မှုရှိသလဲ ဆိုတာနဲ့ပတ်သက်ပြီး ပြည်သူ့ပါတီ အနေနဲ့ကတော့ ပြောဖို့စောနေသေးတယ်လို့ ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်လင်းက ပြောပါတယ်။

"ရွေးကောက်ပွဲအပေါ် ဘယ်လောက်ယုံကြည်လဲဆို ရွေးကောက်ပွဲ ဘယ်လိုကျင်းပရမှန်းမသိချိန်မှာ ကျနော်တို့ပြောဖို့ စောသေးတယ်လို့ သတ်မှတ်ပါတယ်။ အခုထိက နိုင်ငံရေးပါတီတခု ပြည်တွင်းမှာရပ်တည်ရမယ်။ ရပ်တည်ရေးနဲ့ ပါတီရှင်သန်ရေးအတွက်ပဲ လုပ်နေတဲ့အတွက် သူတို့ဘယ်လောက်ထိ နိုင်ငံရေးပါတီတွေအပေါ် ဘယ်လိုသဘောထားထားလဲဆိုတာ သူတို့ကိုယ်တိုင်ပြသတာက အားနည်းနေပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သတ်လို့ ထပ်မပြောဆိုချင်သေးပါဘူး။ သူတို့အပေါ် ယုံကြည်မှုဆိုတာ သူတို့လုပ်ရပ်အပေါ်မှာပဲ သတ်မှတ်ရမှာပါ။"

ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီတွေရှိသလို၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ ပါတီတချို့ကတော့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ အဲဒီထဲမှာ စစ်ကောင်စီက အသစ်ပြဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေသစ်ရဲ့ စည်းမျဉ်းတွေကို မလိုက်နာတဲ့ NLD ပါတီအပါအဝင် ပါတီပေါင်း ၄၀ ကျော်ကို နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တရားမဝင်ဘူးလို့ တုန့်ပြန်ထားပါတယ်။ NLD ပါတီကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပေမဲ့ ပြည်သူရှိသ၍ ပါတီရှိနေမယ့်အကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဟာ တဉ်ဆဲဥပဒေကို ချိုးဖေါက်နေပြီး တရားဝင်မှု မရှိတဲ့အပြင် ပြည်သူလူထုကို ကိုယ်စားပြုမှု မရှိတဲ့အတွက် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တရားဝင်မှု မရှိဘူးလို့ NLD ဗဟိုအလုပ်ကော်မတီက ပြောဆိုထားပါတယ်။ NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝန်းကလည်း စစ်ကောင်စီအပေါ်ဝေဖန်အပြစ်တင်လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Vedant Patel က မြန်မာနိုင်ငံမှာ ပါဝင်သင့်သူအားလုံး မပါဘဲ ဘယ်လိုရွေးကောက်ပွဲပဲ လုပ်လုပ် လွတ်လပ် မျှတတယ်လို့ လက်ခံလို့ရမှာ မဟုတ်ကြောင်း သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေး ကြိုးစားနေကြသူအားလုံးကို အမေရိကန်က ဆက်လက်ထောက်ခံသွားမယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။ စစ်တပ်အုပ်ချုပ်တာကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်နေချိန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲကို တဖက်သတ် အတင်းကျင်းပရင် မတည်ငြိမ်မှုတွေလာ ပိုဖြစ်လာဖို့များတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရက ပြောကြားခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲတခုအတွှု်းတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Vedant Patel (မတ် ၂၉၊ ၂၀၂၃)
သတင်းစာရှင်းလင်းပွဲတခုအတွှု်းတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Vedant Patel (မတ် ၂၉၊ ၂၀၂၃)

ဗြိတိန်၊ သြစတေးလျနဲ့ ဂျပန်နိုင်ငံတို့ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရှိလာအောင် အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်တွေ ပိုလုပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ပါတီတွေ ဖျက်သိမ်းခံရတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဆက်ပြီးကျင့်သုံးနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေနဲ့ တခြား ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေလည်း တွန်းအားပေးကြဖို့ကို အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းတုန်းကတော့ စစ်ကောင်စီနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ နေပြည်တော်မှာ ၂ရက်တာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP၊ မွန်ပြည်သစ်ပါတီ NMSP၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA-PC၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU နဲ့ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေး တပ်မတော် PNLO တို့ ပါဝင်တဲ့ အဲဒီတွေ့ဆုံမှုမှာ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်ရေးနဲ့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ အပါအဝင် အချက် ၇ ချက် ဆွေးနွေးခဲ့တယ်လို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကျော်ညွှန့်က ဗွီအိုအေကိုပြောပါတယ်။

"အဓိကကတော့ သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း တရပ်ပေါ်ပေါက်လာဖို့၊ ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်ပေါ့လေ၊ အဲဒါလည်း ဆွေးနွေးဖြစ်တယ်။ နောက်ပြီးတော့ ဒီအနာဂတ်မှာ ကျနော်တို့ တည်ဆောက်လိုတဲ့ ဖက်ဒရယ် ပြည်ထောင်စုအတွက် အခြေခံမူတွေကိုလည်း ဆွေးနွေးဖြစ်တယ်။ နောက်ပြီးတော့ အရပ်သားများကို အကာအကွယ်ပေးရေး ဆိုင်ရာကိစ္စရပ်နဲ့ တဆက်တည်းပေါ့လေ။ အရပ်သားတွေရဲ့ လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်တွေကိုလည်း ပြောဆိုဖြစ်ကြတယ်။ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိစ္စရပ်တွေ၊ ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စရပ်တွေ၊ ဒီငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ကိစ္စရပ်တွေ အဲဒါတွေလည်း ကျနော်တို့ ပြောဖြစ်တယ်။"

မကြာသေးခင်ရက်ပိုင်းတွေက ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ တက်ခရိုင်ထဲကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်များ (ဧပြီ ၆၊ ၂၀၂၃)
မကြာသေးခင်ရက်ပိုင်းတွေက ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ တက်ခရိုင်ထဲကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်များ (ဧပြီ ၆၊ ၂၀၂၃)

မြန်မာစစ်တပ်ဟာ ပြည်တွင်းထဲမှာလည်း ဆန့်ကျင်တော်လှန်နေတာတွေကို ဆက်ပြီးရင်ဆိုင်နေရတဲ့ အခြေအနေပါ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက် သေဆုံးမှုနဲ့ စစ်ရှောင်နေရသူဦးရေကလည်း တိုးလာနေပါတယ်။ မြန်မာစစ်တပ်ဟာ ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ အခြေအနေတွေအပေါ် အပြီးသတ်ချေမှုန်းသွားမယ်လို့ ဆိုသလို၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အတွက်ကိုလည်း နိုင်ငံရေးတည်ငြိမ်အောင် ကြိုးပမ်းသွားမယ်လို့ ပြောဆိုနေတာပါ။ ဒါပေမဲ့လည်း အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုတွေနဲ့ ဝေဖန်ပြစ်တင်တာတွေက ဒီကနေ့အချိန်ထိ ရှိနေတဲ့အခြေအနေတွေကို ဒီတပတ်ရဲ့ သတင်းထောက်မှတ်စု အစီအစဉ်ကနေ တင်ဆက်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG