သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီဖျက်သိမ်းကြောင်း စစ်ကောင်စီကြေညာချက် တရားဝင်မှုမရှိကြောင်း NLD တုံ့ပြန်


၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲနေ့ညက ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာတွေ့ရတဲ့ ပါတီထောက်ခံသူများ
၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲနေ့ညက ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာတွေ့ရတဲ့ ပါတီထောက်ခံသူများ

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပေမဲ့ ပြည်သူရှိသ၍ ပါတီရှိနေမယ့်အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဒီနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို ဖျက်ဆီးဖို့အတွက် ပါတီခေါင်းဆောင်ပိုင်းကို ဖမ်းဆီး မတရား အမှုဆင်ထောင်ချတာတွေ ဦးစွာဆောင်ရွက်ခဲ့တဲ့အကြောင်းနဲ့ ပါတီဝင် ၁၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သလို၊ ပါတီဝင် ၂၆ ဉီး စစ်ကြောရေးစခန်းတွေမှာ သေဆုံးခဲ့တဲ့အကြောင်း NLD ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦးရှိပြီး ဗဟိုကော်မတီဝင်တဉီးဖြစ်တဲ့ ဦးဖြိုးဇေယျာသော် ကြိုးပေးသတ်ဖြတ်ခံခဲ့ရတာကိုလည်း ကြေညာချက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် ပါတီဝင် ၂၇၀ ကျော်ရဲ့ နေအိမ်တွေကို စစ်ကောင်စီဘက်က ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး တိုင်း၊ ခရိုင်၊ မြို့နယ်ရုံး ၁၂၀ ကျော်ကို ကျုးကျော်ဝင်ရောက် ဖျက်ဆီးခဲ့တာကိုလည်း NLD ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ပါတီဖျက်သိမ်းမှုစစ်ကောင်စီရဲ့ ထုတ်ပြန်ချက် တရားမဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် ကော်မတီရဲ့ ကြေညာချက် (မတ် ၂၉၊ ၂၀၂၃)
ပါတီဖျက်သိမ်းမှုစစ်ကောင်စီရဲ့ ထုတ်ပြန်ချက် တရားမဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် ကော်မတီရဲ့ ကြေညာချက် (မတ် ၂၉၊ ၂၀၂၃)

စစ်ကောင်စီဟာ တဉ်ဆဲဥပဒေကို ချိုးဖေါက်နေပြီး တရားဝင်မှု မရှိတဲ့အပြင် ပြည်သူလူထုကို ကိုယ်စားပြုမှု မရှိတဲ့အတွက် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တရားဝင်မှု မရှိဘူးလိုလည်း NLD ဗဟိုအလုပ်ကော်မတီက ပြောဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ပါတီမှတ်ပုံတင်ဥပဒေ အသစ်အောက်မှာ နိုင်ငံရေး ပါတီ ၅၂ ပါတီ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ဖို့ လျှောက်ထားခဲ့ကြပြီး ရက်ပေါင်း ၆၀ အတွင်း အချိန်မှီ မှတ်ပုံတင်ခြင်းမရှိတဲ့အတွက် NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းတဲ့အကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂကတော့ ဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေကို ဖျက်သိမ်းလိုက်တာဟာ သူတို့ လိုလားတဲ့ လမ်းကောင်း မဟုတ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်တာကို တွေ့မြင်လိုတဲ့အကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ဒီလို ဖျက်သိမ်းလိုက်တဲ့အတွက် စိုးရိမ်တဲ့အကြောင်းနဲ့ အများပါဝင်နိုင်တဲ့ ဒီမိုကရေစီ လုပ်ငန်းစယ်တွေ ပြနလည် လုပ်ဆောင်ပေးဖို့ စစ်ကောင်စီကို ဂျပန်နဲ့ ဩစတေးလျနိုင်ငံတွေကလည်း တိုက်တွန်းပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG