သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု Cornell တက္ကသိုလ်မှာ သုံးသပ်


 ကော်နယ်တက္ကသိုလ် အရှေ့တောင်အာရှရေးရာအစီအစဉ်ကကျင်းပတဲ့ မြန်မာပြည်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုအခြေအနေ သုံးသပ်ဆွေးနွေးပွဲမှာဦးဆောင်ဆွေးနွေးခဲ့ကြသူများ (ဝဲမှယာ) ဒေါ်မေစပယ်ဖြူ၊ ဦးကျော်မိုးထွန်း၊ မစ္စ်ပရက်စီလာကလပ်နဲ့ ဦးမိုးဇော်ဦး။ ( မတ်လ ၂၈၊ ၂၀၂၃)
ကော်နယ်တက္ကသိုလ် အရှေ့တောင်အာရှရေးရာအစီအစဉ်ကကျင်းပတဲ့ မြန်မာပြည်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုအခြေအနေ သုံးသပ်ဆွေးနွေးပွဲမှာဦးဆောင်ဆွေးနွေးခဲ့ကြသူများ (ဝဲမှယာ) ဒေါ်မေစပယ်ဖြူ၊ ဦးကျော်မိုးထွန်း၊ မစ္စ်ပရက်စီလာကလပ်နဲ့ ဦးမိုးဇော်ဦး။ ( မတ်လ ၂၈၊ ၂၀၂၃)

{{Zawgyi/Unicode}}

ကုလသမဂ္ဂစင်မြင့်မှာ မြန်မာ့ဒီမိုကရေစီဘက်တော်သားတွေ အထိုက်အလျောက် နေရာယူထားနိုင်ပေမယ့် ထိရောက်တဲ့ဆုံးဖြတ်ချက်တွေရရှိဖို့ ဒီထက်ပို စွမ်းဆောင်နိုင်ဖို့လိုနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။ ကော်နယ်တက္ကသိုလ်ရဲ့ အရှေ့တောင်အာရှရေးရာအစီအစဉ်ကကျင်းပတဲ့ မြန်မာပြည်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုအခြေအနေ သုံးသပ်ဆွေးနွေးပွဲမှာ အခုလိုပြောတာပါ။ ဒီဆွေးနွေးပွဲအကြောင်းကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။

အမေရိကန်ရဲ့ အိုင်ဗွီလိဂ် ထိပ်တန်းအဆင့်မြင့်တက္ကသိုလ်တခုဖြစ်တဲ့ နယူးယောက်ပြည်နယ်ထဲက ကော်နယ်တက္ကသိုလ်မှာကျင်းပတဲ့ မတ်လ ၂၇ ရက်နေ့က ဆွေးနွေးပွဲမှာ မြန်မာ့အရေးအပေါ် ကမ္ဘာကအာရုံစိုက် အရေးယူဆောင်ရွက်နေတဲ့ အခြေအနေ၊ အိမ်နီးချင်းနဲ့ဒေသတွင်း နိုင်ငံတွရဲ့ရပ်တည်ချက်တွေကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြတာပါ။

ကုလမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နေရာ ဆက်ရှိနေလို့ အဓိက အစည်းအဝေးတွေ၊ နိုင်ငံချင်းသီးသန့်ဆွေးနွေးပွဲတွေမှာ မြန်မာ့အရေး ပြောဆိုဆွေးနွေးနေရတဲ့လမ်းကြောင်းရှိနေပြီး ဒါဟာ မြေပြင်မှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာသိရှိစေလို့ အကျိုးရှိ‌တယ်လို့ ပွဲမှာ ဆွေးနွေးကြပါတယ်။

ကုလသမဂ္ဂမှာ စစ်တပ်ကိုယ်စားလှယ်ကို လုံးဝလက်မခံနိုင်တာကိုသိနေလို့ စစ်အုပ်စုဘက်ကလွှတ်တဲ့သူကို အသိအမှတ်မပြုတာ အားလုံးသဘောတူပေမယ့် တပြိင်တည်းမှာ တချို့နိုင်ငံတွေက သွေးတိုးစမ်းတဲ့အနေနဲ့ လက်ရှိ ကိုယ်စားလှယ်နေရာကိုလှစ်ဟထားဖို့ ကြိုးစားတာမျိုးတွေရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြပါတယ်။

“ကုလသမဂ္ဂ နယူးယောက်မှာရှိတဲ့သံတမန်တွေ၊ ဒီမိုကရေစီလှုပ်ရှားမှုကို အပြည့်ထောက်ခံနေတဲ့ အမေရိကန်အပါအဝင် နိုင်ငံတွေရဲ့ ပြတ်ပြတ်သားသားရပ်တည်ပေးထားတဲ့အတွက်ကြောင့် အခုလိုမျိုးလက်ရှိ ရှိနေတဲ့ ပုံစံအတိုင်းပဲ ဆက်သွားနေရတာမျိုးရှိပါတယ်။ ဒါ‌ပေမယ့် ဒါဟာ ကျနော်တို လိုချင်တဲ့ဟာတော့ မဟုတ်သေးဘူး။ ကျနော်တို့လိုချင်တာက ပြည်သူတွေက အသိအမှတ်ပြုထားတဲ့ ပြည်သူတွေကလက်ခံထားတဲ့ ဒီ NUG အစိုးရရဲ့ ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ပြောဆိုခြင်းပုံစံမျိုးတွေကိုပဲ လိုချင်တဲ့အတွက်ကြောင့် အဲဒီ အဆင့်ရအောင် ဆက်ကြိုးစားသွားဖို့ လိုပါတယ်။”

မြန်မာ စစ်တပ်ကို အစိုးရလိုကို လုံးဝမသတ်မှတ်ထားလို့ သူ့အတွက်တော့ NUG ပြည်သူ့အစိုးရပဲရှိတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာ့အရေး နိုင်ငံတကာဖိအားနဲ့ပတ်သက်လို့တော့ ဆွေးနွေးသူတဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ အကြီးတန်း အကြံပေးလည်းဖြစ်၊ မြန်မာပြည်မှာ အရင် စစ်အစိုးရခေတ် သံအမတ်ကြီးတာဝန်ထမ်းဆောင်ဖူးခဲ့တဲ့ Ms. Priscilla Clapp က မြန်မာ့အရေးဟာ ယူကရိန်းနဲ့ မတူနိုင်လို့ အထူးသဖြင့် အနောက်အုပ်စုနိုင်ငံတွေရဲ့တုံ့ပြန်မှုကမတူညီနိုင်ဘူးလို့ ထောက်ပြပါတယ်။ ယူကရိန်းအရေးက ဥရောပက အနောက်မဟာမိတ်နိုင်ငံတွေကို တိုက်ရိုက်ခြိမ်းခြောက်မှုရှိနေလို့ အာရုံစိုက်မှုတွေပိုများနိုင်ပေမယ့် မြန်မာ့အရေးမှာလည်း အမေရိကန်အပါအဝင် တိုက်တွန်းလုပ်ဆောင်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

တဘက်မှာလည်း တရုတ်နဲ့ရုရှားလို ဗီတိုအာဏာသုံးနိုင်တဲ့ နိုင်ငံတွေက စစ်အုပ်စုနဲ့ လက်တွဲနေလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်တွေ့ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ဘယ်လောက် မျှော်လင့်နိုင်မလဲဆိုတဲ့တဲ့ ဗွီအိုအေရဲ့ သီးသန့် မေးမြန်းချက်ကိုတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုက အခုလို ဖြေပါတယ်။

“လူတွေက အမြဲတမ်း စိုးရိမ်ထိတ်လန့်စွာ နေနေရတယ်။ ကြောက်ရွံ့စွာ နေ နေ ရတယ်။ ဒါတွေကို ရပ်တန့်ဖို့ဆိုရင် လေယာဉ်တွေ၊ ဗုံးကြဲတာတွေမလုပ်နိုင်အောင် Jet Fuel (ဂျက်လေယာဉ်ဆီ) တွေ ရပ်ကိုရပ်ပစ်ရမယ်။ နောက်ပြီးတော့ လက်နက်ရောင်းချမှုကို လုံးဝ ရပ်တန့်ရမယ်။ အထူးသဖြင့် စစ်တပ်ရဲ့ Missionary တွေ လည်ပတ်နိုင်ဖို့အတွက်က ငွေရေးကြေးရေး စီးဆင်းမှုတွေ ရှိနေတဲ့အတွက်ကြောင့် လည်ပတ်နေတာပါ။ ဒါတွေကို ရပ်တန့်နိုင်တဲ့လမ်းတွေကို ရှာနိုင်တယ်ဆိုရင် ဒါဟာ ကျနော်တို့ အမြင်ပေါ့နော်၊ ပြည်သူတွေအမြင်ကတော့ အသေးလေးပဲ ရှိပါသေးတယ်။ ဒါတွေကတော့ ဖြစ်နိုင်ခြေရှိတဲ့ အချက်အလက်တွေလို့တော့ သုံးသပ်ပါတယ်။”

R2P (Responsibility to Protect) လို့ ခေါ်တဲ့ ကုလသမဂ္ဂတပ်ဖွဲ့၊ နိုင်ငံတကာစစ်တပ်တွေ စစ်ရေးအရဝင်ရောက်ဖြေရှင်းတဲ့နည်း၊ No Fly Zone လို့ ခေါ်တဲ့ “လေယာဉ်မပျံသန်းရဇုန်” (no fly zone) သတ်မှတ်နိုင်ရေးနဲ့ နယ်စပ်ဖြတ် ကျော်အကူအညီတွေ တိုက်ရိုက်ပေးနိုင်ဖို့ စတာတွေကို ကုလစင်မြင့်ထက်မှာ အမြဲတမ်း ဆက်လက် တိုက်တွန်းတောင်းဆိုနေမယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။ ဒါတွေ ဖြစ်လာနိုင်ဖို့က နိုင်ငံတကာရေးရာ နိုင်ငံရေးနဲ့ လုံခြုံရေးကောင်စီအခြေအနေအပေါ်မူတည်နေပြီး အဲဒီထဲမှာ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးနိုင်ဖို့က ဖြစ်နိုင်ခြေ ပိုရှိနိုင်တယ် ဆိုပါတယ်။ ဒီလို နိုင်ငံတကာ နည်းလမ်း၊ ဖိအားတွေနဲ့ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ်လို့ ဦးကျော်မိုးထွန်းက ထောက်ပြပါတယ်။

ကော်နယ်တက္ကသိုလ်စကားဝိုင်းလို နိုင်ငံတကာက အာရုံစိုက် အလေးထားတဲ့ စင်မြင့်တွေကနေလည်း မြန်မာ့အရေးကို အမြဲမပြတ်တိုက်တွန်းတာ၊ သုတေသနစာတမ်းတွေထုတ်တာမျိုးကလည်း မူဝါဒ ဖော်ဆောင်သူတွေကို တိုက်ရိုက် ရောက်နိုင်တယ်လို့ ဆွေးနွေးသူတွေက သုံးသပ်ပါတယ်။

အခု ဆွေးနွေးပွဲကို ဦးဆောင်မေးခွန်းတွေမေးပြီး စီစဉ် တင်ဆက်ပေးတဲ့ ကော်နယ်လ်တက္ကသိုလ်က ဒေါ်မေစပယ်ဖြူကလည်း ကော်နယ်လ်ရဲ့အရှေ့တောင် အာရှ အစီအစဉ် Southeast Asia Program က မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး လုပ်ပေးနိုင်တဲ့ ရင်းမြစ်တွေရှိသလို စိတ်ဝင်စားမှုလည်းရှိတဲ့အပြင် ဒီလို အထင်ကရတက္ကသိုလ်တွေက အစိုးရရဲ့ မူဝါဒတွေ၊ ဥပဒေတွေ ပြဌာန်းချက်တွေ အပေါ် သက်ရောက်လို့ ဒီလို ဆွေးနွေးပွဲတွေက အကျိုးရှိတယ်လို့ မြင်ပါတယ်။

“ကော်နယ်လ်က အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို အကြံပြုနိုင်စွမ်းတဲ့ တက္ကသိုလ်လည်း ဖြစ်တယ်၊ ဒီနေ့ Panel ဆွေးနွေးပွဲကနေထွက်လာတဲ့ မူဝါဒဆိုင်ရာ ဆွေးနွေးမှုတွေ၊ အကြံပြုချက်‌တွေက ကျောင်းသားတွေ၊ ကျောင်းသားဟောင်းတွေ ကော်နယ် Community တခုတည်းတင်မကဘူး၊ အမေရိကန်အစိုးရ လက်ရှိလုပ်နေတဲ့သူတွေအထိကို အကျိုးသက်ရောက်မှု ရှိစေဖို့အတွက်တော့ မျှော်လင့်ထားပါတယ်။”

ဒီဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးကလည်း ပါဝင်ဆွေးနွေးခဲ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဖြေရှင်းဖို့ နိုင်ငံတကာက ကြိုးစားရာမှာ လူသားချင်းစာနာမှုအကူအညီတွေက အင်မတန် အရေးကြီးပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုဒဏ်ခံလူထုအတွက် အကျိုးရှိပေမယ့် ဒါတွေရဲ့ ရင်းခံအကြောင်းဖြစ်တဲ့ နိုင်ငံရေးပြဿနာဖြေရှင်းဖို့က ပိုအရေးကြီးလို့ အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ ဒါကို အလေးပေးဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ ဒ့ါ ပြင် နိုင်ငံတကာအနေနဲ့ အကူအညီပေးရေး အစီအစဉ်တွေကို စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံလုပ်ဆောင်တာက ထိရောက်မှုအားနည်းပြီး NUG အပါအဝင် တိုင်းရင်းသားအဖွဲ့တွေ၊ အောက်ခြေက ကွန်ရက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှသာ အားလုံးလွှမ်းခြုံထိရောက်နိုင်မယ်လို့ လည်း ဦးမိုးဇော်ဦးက ထောက်ပြသွားပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}
















ဆက်စပ်သတင်းများ ...

XS
SM
MD
LG