သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နဲ့ နိုင်ငံရေးပါတီတွေ ဖျက်သိမ်းတဲ့အပေါ် တုံ့ပြန်ချက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ် ရန်ကုန်မြို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ် ရန်ကုန်မြို့

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်နိုင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ ရက်ရောက် လာပြီးတဲ့နောက်၊ အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီပေါင်း ၄၀ ကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်လိုက်ပါတယ်။ အခုလိုပါတီတွေ ပယ်ဖျက်လိုက်တဲ့ စစ်ကောင်စီလုပ်ရပ်အပေါ်မှာ ပြည်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ဘယ်လိုမှတ်ချက်ပေးကြပါသလဲ။ ရန်ကုန်ကစုစည်းတင်ပြထားတာကို ကိုငြိမ်းချမ်းကပြောပြမှာပါ။

စစ်ကောင်စီဘက်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ပြဌာန်းပြီးနောက်မှာ အဲဒီဥပဒေအရ တည်ဆဲနိုင်ငံရေးပါတီတွေကို ပြန်လည်မှတ်ပုံတင်မှတ်ပုံတင်နိုင်ဖို့ အချိန် ၂လပေးခဲ့တာပါ။ မနေ့က နောက်ဆုံး သတ်မှတ်ထားတဲ့ ရက်ရောက်လာပြီး တဲ့နောက်၊ အဓိကနိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီပေါင်း ၄၀ ကို စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်ခဲ့တာပါ။ ရခိုင်တိုင်းရင်းသား နိုင်ငံရေးအကဲခတ် ဦးဖေသန်းကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို မအံ့သြဘူးလို့ ပြောပါတယ်။

"အထူးပြောစရာမလိုပါဘူး သူ့အလုပ်သူလုပ်တာပါ။ ရွေးကောက်ပွဲလုပ်ပေးမယ်။ ရွေးကောက်ပွဲက လည်းတဖက်စောင်းနင်းသူလိုချင်တဲ့ပုံဖြစ်အောင်ပုံဖော်နေတယ်။ USDP ကို စစ်တပ်ကျောထောက် နောက်ခံပါတီအနေနဲ့ လွတ်လွတ်လပ်လပ်လုပ်နိုင်စည်းရုံးနိုင်အောင်ဖန်တီးပေးနေသလို တဖက်မှာ USDP ရဲ့ အဓိကပြိုင်ဘက် NLD ပါတီကိုဘာမှလှုပ်ရှားလို့မရအောင် ခါးတပိုင်းသေအောင်လုပ်ထားတဲ့သဘော။ လက်ချုပ်ခြေချုပ်ပြီး ပြေးလမ်းပေါ်အနိုင်ထိုးမယ့်သဘောဖြစ်တယ်။ ဖက်ဒရယ်တို့ ဒီမိုကရေစီတို့ကစစ်တပ်ပေးသလောက်ရမယ့်သဘော ရည်ရွယ်ချက်ရှိရှိလုပ်တာ အဲလိုလုပ်တာမှာကိုယ်က ပါဝင်ကပြမယ့်ပါတီတွေကတော့တချိန်ချိန်မှာ ကိုယ့်ပါတီပုံရိပ်သေသွားနိုင်တယ်။ သမိုင်းမှာလဲ ပူးတွဲတရားခံတွေဖြစ်နိုင်တာပေါ့"

ဒီလိုပယ်ဖျက်လိုက်တဲ့ အပေါ်မှာတော့ ရခိုင်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဦးဖေသန်းရဲ့ဝေဖန်ပြောဆိုချက်ပါ။ NLD ပါတီက တခဲနက်အနိုင်ရခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေချိန်မှာပဲ ရွေးကောက်ပွဲ နောက်တကြိမ်ကျင်းပဖို့ စစ်အာဏာပိုင်တွေ စီစဉ်နေတာဖြစ်ပါတယ်။ ပယ်ဖျက်ခံရတဲ့ NLD ပါတီဘက်ကတော့ ကော်မရှင်ရဲ့လုပ်ဆောင်ချက်ဟာ တရားမဝင်ဘူးလို့ စာတစောင် ထုတ်ပြန်ထားပါတယ်။

ပါတီဖျက်သိမ်းမှုစစ်ကောင်စီရဲ့ ထုတ်ပြန်ချက် တရားမဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ ကြေညာချက် (မတ် ၂၉၊ ၂၀၂၃)
ပါတီဖျက်သိမ်းမှုစစ်ကောင်စီရဲ့ ထုတ်ပြန်ချက် တရားမဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ ကြေညာချက် (မတ် ၂၉၊ ၂၀၂၃)

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မဲထည့်ခဲ့တဲ့ ကြည့်မြင်တိုင် မြို့နယ်မှာနေသူ လုပ်ငန်းရှင်တယောက်ကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအယုံအကြည်မရှိသလို စစ်ကောင်စီ လက်အောက်မှာ သူပေးခဲ့တဲ့ ပါတီတွေပြန်လည်မှတ်ပုံမတင်တဲ့ အတွက် ဝမ်းသာမိတယ်လို့ ပြောဆိုပါတယ်။

"သူတို့က သူတို့လုပ်ချင်တာလုပ်တာဘဲလေ။ ကျမတို့မဲပေးခဲ့တဲ့ပါတီတွေ ပြန်မှတ်ပုံမတင်လို့ ဝမ်းသာတယ်။ အခုမဲလဲပေးစရာမလိုတော့ဘူး။ ဘယ်လိုဖျက်ဖျက်ပြည်သူ စိတ်ထဲရှိနေတာတော့ဖျက်မရပါဘူး"

ပါတီမှတ်ပုံတင်ဥပဒေအသစ်အောက်မှာ စုစုပေါင်း ၅၂ ပါတီက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ဖို့ လျှောက်ထားခဲ့ကြတယ်လို့ စနေနေ့ထုတ် နိုင်ငံတော်ပိုင် မြန်မာ့အလင်းသတင်းစာက ဆိုပါတယ်။ ၁၂ ပါတီက အမျိုးသား အဆင့်၊ ၄၀ က ပြည်နယ်တိုင်း အဆင့်မှာယှဉ်ပြိုင်ဖို့ လျှောက်ထားကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ ယခင်မဲဆွယ်စည်းရုံးရေးပွဲတခု
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ ယခင်မဲဆွယ်စည်းရုံးရေးပွဲတခု

ဒါပေမဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး လွတ်လပ်တဲ့မီဒီယာလည်း မရှိ၊ မတရားတဲ့ဥပဒေတွေအောက်မှာ ရွေးကောက်ပွဲဟာ မလွတ်လပ်သလို မျှတမှာလည်းမဟုတ်ဘူးလို့ သုံးသပ်သူတွေက ပြောကြပါတယ်။ အခုစစ်ကောင်စီရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ အခုလို သုံးသပ်လိုက်ပါတယ်။

"NLD တို့၊ SNLD တို့ကတော့ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာဒေသ၊ နယ် ပြည်သူလူထုတွေထောက်ခံမှုအများဆုံးရပြီးတော့ ရွေးကောက်ပွဲနိုင်တဲ့ ပါတီတွေဖြစ်တယ်လို့ပြောရမှာပေါ့နော်။ အဲဒီတော့ အခု နစကက ရွေးကောက်ပွဲကို အခုလို မကြာခင် ကာလအတွင်းမှာ ဒီလိုနိုင်ငံရေးအခြေအနေနဲ့ကျင်းပမယ်ဆိုရင် ပြည်သူလူထုက မဲလာပေးတာနည်းမယ်လို့ထင်တယ်။ လုံခြုံရေးအခြေအနေတွေကလည်း မကောင်းတဲ့အတွက်ကြောင့်မလို့ ကျန်တဲ့ရွေးကောက်ပွဲဝင်မယ့်နိုင်ငံရေးပါတီတွေလည်း ပြည်သူလူထုကြားမှာ သေသေချာချာရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာတွေဘာတွေ လုပ်နိုင်မှာမဟုတ်ဘူး။ ဆိုတော့ မဲလာပေးတဲ့သူတွေလည်း နည်းမယ်။ ဒါကြောင့်မလို့ ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာတဲ့ အစိုးရကလည်း တရားဝင်မှုမှာ အားနည်းမှာပေါ့နော်။ နိုင်ငံတကာအသိအမှတ်ပြုမှုလည်း နည်းလိမ့်မယ်လို့ယူဆရပါတယ်။"

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ရက်ပေါင်း ၆၀ အတွင်းမှာ ပြန်လာလျှောက်တဲ့ ပါတီ ၅၂ ပါတီရှိပြီး ဒီထဲ ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီက ၁၂ ပါတီရှိပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မယ့် ပါတီက ၄၀ ပါတီအထိရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် တည်ဆဲ ၉၁ ပါတီအနက် ပါတီ ၄၀ ကျော်ပဲ မှတ်ပုံပြန်တင်နိုင်ခဲ့ပါတယ်။ ဒီထဲမှာ ပါတီအသစ် ၁၀ ပါတီ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG