သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီဥက္ကဋ္ဌရဲ့မိန့်ခွန်းအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထား


၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (မတ် ၂၇၊ ၂၀၂၃)
၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (မတ် ၂၇၊ ၂၀၂၃)

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အပြင် ဒီအဖွဲ့တွေကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေကိုပါ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ ဒီအပေါ် တိုင်းရင်းသားတွေဘက်က ဘယ်လို တုံ့ပြန်ပါလဲ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တာကို အခြေခံပြီး ကိုစံကျော်က ပြောပြမှာပါ။

NUG, PDF နဲ့ အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်နေကြတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘဲ တိုင်းပြည် အေးချမ်းတဲ့အထိ ဒီအဖွဲ့တွေကို နှိမ်နှင်းသွားမယ်လို့ ဒီကနေ့ကျင်းပတဲ့ (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။ သူ့မိန့်ခွန်းထဲမှာ လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကလည်း NUG နဲ့ PDF တွေ အပါအဝင် သူတို့ကို ကူညီနေတဲ့ အချို့သော EAO တွေရဲ့ နိုင်ငံအပေါ် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုတွေသာ ဖြစ်တယ်လို့လည်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။

“နိုင်ငံတဝန်းရှိ ပြည်သူများရဲ့ လူမှုစီးပွားရေးဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန် အလေးထား လုပ်ဆောင်သွားမှာပဲ ဖြစ်တယ်။ အဲဒီလို လုပ်ဆောင်ရာမှာ NUG နဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ၊ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။”

ဒါ့အပြင် သူ့မိန့်ခွန်းထဲ NUG နဲ့ PDF တို့ရဲ့ တိုက်ခိုက်မှုတွေကို လုံးဝရပ်ဆိုင်းအောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ် ဆိုပြီးလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုတွေအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ဘယ်လိုတုံပြန်ပါသလဲ။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှုး (၂) ခူးဒန်နီယယ်ကတော့ စစ်ကောင်စီရဲ့ ပြောဆိုချက်အပေါ် အခုလို တုံံ့ပြန်လိုက်ပါတယ်။

“ကျနော်တို့ကတော့ ဘာမှတော့မဖြစ်ပါဘူး။ သူတို့ပြောနေတာပဲ ခုမှမဟုတ်တာ။ အခမ်းနားတိုင်း နှစ်သစ်ကူးတိုင်း တိုင်းရင်းသားတွေအပေါ်မှာ ပြောဆိုနေကြတာပဲ။ ကျနော်တို့ကတော့ သူ့အလုပ် သူလုပ်တယ်ပေါ့လေ။ ကျနော်တို့ကလည်း ကျနော်တို့ဘာသာလုပ်နေမှာပဲ။ အဲဒီပေါ် ဘာမှမပြောလိုပါဘူး။”

စစ်ကောင်စီဥက္ကဋ္ဌက ဒီကနေ့ပြောတဲ့ မိန့်ခွန်းထဲမှာ ရွေးကောက်ပွဲကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဓိကလိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးလို့ ထည့်သွင်းပြောဆိုခဲ့ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို အဓိကထားလုပ်ဆောင်မယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာရောက်နိုင်အောင် တံခါးဖွင့်ထားတယ်လို့ ပြောဆိုခဲ့သလို ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားတယ်လို့ စစ်ကောင်ဥက္ကဋ္ဌ ပြောဆိုခဲ့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ(KNPP) ရဲ့ ခူးဒန်နီယယ်ကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအပေါ် အယုံအကြည်မရှိဘူးလို့ ပြန်လည် တုံပြန်ပြောဆိုခဲ့ပါတယ်။

“သူတို့ ဆွေးနွေးဖို့ခေါ်တာကတော့ ကြာပြီပဲလေ။ တချို့တိုင်းရင်းသားတွေလည်း သွားကြတယ်။ ကျနော်တို့မသွားဘူး။ မသွားတဲ့ အကြောင်းအရင်းက သူတို့လုပ်ရပ်နဲ့ ပြောနေတာက တခြားဆီပေါ့ဗျာ။ သူတို့ငြိမ်း ချမ်းရေးဖြစ်စဉ်ကို အယုံအကြည်လဲမရှိဘူး။ ဖြစ်နိုင်မှာလဲ မဟုတ်ဘူး။ ကျနော်တို့ အတွက် ဘာမှကောင်းတဲ့ ရလဒ်မရှိဘူး။ သူတို့ပြောတာတွေလဲ ကျနော်တို့ အယုံအကြည်လဲမရှိဘူး။”

ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ တပ်မတော်အခမ်းအနားကို ‌တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၊ နိုင်ငံရေးပါတီအချို့နဲ့ ရုရှားအပါအဝင် စစ်သံရုံးအချို့က စစ်သံမှူးတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG