သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုတဝိုက် တိုက်ပွဲပြင်းထန်  


ကယားပြည်နယ်အတွင်း ထိုးစစ်မှာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရခဲ့ကြောင်း KNDF လူမှုကွန်ယက်မှာ ဓာတ်ပုံနဲ့တကွ တွေ့ရစဉ်။ (မတ်လ ၂၅၊ ၂၀၂၃/ Photo: KNDF)
ကယားပြည်နယ်အတွင်း ထိုးစစ်မှာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရခဲ့ကြောင်း KNDF လူမှုကွန်ယက်မှာ ဓာတ်ပုံနဲ့တကွ တွေ့ရစဉ်။ (မတ်လ ၂၅၊ ၂၀၂၃/ Photo: KNDF)

{{Zawgyi/Unicode}}


စစ်ကောင်စီရဲ့ မတ်လ ၈ ရက်နေ့ကစခဲ့တဲ့ ကယားပြည်နယ် ထိုးစစ်အတွင်း ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့အတူ ရွာတွေမီးလောင်ပြီး ရွာသားတွေထိခိုက်သေဆုံးခဲ့ရသလို စစ်ကောင်စီဘက်ကလည်း အကျအဆုံးများတယ်လို့ ဒေသခံတပ်တွေက ပြောပါတယ်။ ဒီသီတင်းပတ်အတွင်း စစ်ကောင်စီတပ်ဘက်က ဒီမော့ဆိုမြို့ ဒေါတမကြီးရွာမှာ ၉၀ ကျော်သေဆုံး၊ ၅၀ ကျော်ဒဏ်ရာရသလို စွန့်ပစ်ခဲ့တဲ့လက်နက်တွေကို သိမ်းဆည်းရမိကြောင်း KNDF ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က လူမှုမီဒီယာမှာ ပုံနဲ့တကွကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ အခြေနေမှန်ကိုသိရဖို့ စစ်ကောင်စီပြောခွင့်ရကို မေးမြန်းဖို့ ကြိုးစားဆက်သွယ်ပေမဲ့ မရခဲ့ပါဘူး။ အပြည့်အစုံကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။
ဒီလက်နက်တွေသိမ်းထားတဲ့ပုံတင်ထားတာနဲ့ အခုနောက်ဆုံးအခြေအနေအပေါ် KNDF ဥက္ကဋ္ဌ ခွန်ဘီဒူးက အခုလို ပြောပါတယ်။

“ကျနော်တို့ရဲ့ ကရင်နီ (ကယား) ပြည်နယ်ဘက်မှာတော့ စစ်ကောင်စီဘက်က ထိုးစစ် ပြင်းပြင်းထန်ထန်လုပ်နေတယ်။ ကျေးရွာတွေကိုမီးရှို့တယ်၊ အရပ်သားတွေကိုသတ်ဖြတ်တာကတော့ ဒါ မျက်မြင်ကိုယ်တွေ့ပေါ့နော်။ ဒေါတမကြီးကျေးရွာကိုလည်း ဗုံးကြဲပြီးမှ ကျေးရွာအိမ်ခြေပေါင်း ၁၀၀ ကျော် မီးလောင်ပျက်စီးနေတယ်ပေါ့နော်။ တပြိုင်နက်တည်းမှာပဲ ဒီထိုးစစ်ကြောင့်မို့လို့ စစ်ကောင်စီဘက်က အထိနာမှုတွေများပြားလွန်းတယ်ပေါ့နော်။ ဒါက ရရှိထားတဲ့ လက်နက်တွေ၊ ကျည်ဆံတွေဖြစ်ပါတယ်။”

အခုလို ဖြစ်ခဲ့တဲ့တိုက်ပွဲအခြေအနေကိုမေးရာမှာ အမည်မဖော်လိုတဲ့ KNDF ဗဟိုသတင်းနဲ့တာဝန်ရှိသူက အခုလို ပြောပါတယ်။

“စစ်ကောင်စီနဲ့အပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်တဲ့နေ့တွေက ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့တွေအတွင်းပေါ့နော်။ အဲဒီနေ့တွေမှာ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်တယ်။ ကျနော်တို့ဘက်က ထိုးစစ်တွေပြန်လုပ်တဲ့အချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကို အလွန်အကျွံ တောက်လျှောက်သုံးတယ်။ ပြီးတဲ့အခါမှာ လက်နက်ကြီးတွေ အဆက်မပြတ်သုံးတယ်ပေါ့လေ။ ဒီလို ပစ်ခတ်တိုက်ခိုက်ခဲ့တာက တိုက်ပွဲရက်တွေမှာ တော်တော်လေး ပြင်းထန်တဲ့အနေအထားတခုမှာရှိတယ်ပေါ့။ ဒီနေ့တော့ ထိတွေ့တိုက်ပွဲမရှိဘူးပေါ့လေ။ ဒါပေမဲ့ စစ်ကောင်စီဘက်ကနေမှ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေကို လက်နက်ကြီးနဲ့ပစ်တာမျိုးတွေ၊ လေယာဉ်နဲ့ကင်းထောက်တာမျိုးတွေတော့ ရှိခဲ့တယ်ခင်ဗျ။”

အခုလို ပြင်းထန်ခဲ့တဲ့တိုက်ပွဲထဲ နှစ်ဘက်ထိခိုက်ကျဆုံးမှုကိုမေးရာမှာ KNDF ပြန်ကြားရေးတာဝန်ရှိသူကပဲ အခုလိုဆက်ပြောပြပါတယ်။

“အထိအခိုက်အနည်းဆုံးဖြစ်အောင် ကျနော်တို့လုပ်ကြရင်းနဲ့ပဲ တိုက်ပွဲတွေထဲမှာ ကျနော်တို့ဘက်က- ပူးပေါင်းတပ်ဖွဲ့ဘက်ကပေါ့လေ ငါးဦးကျဆုံးခဲ့တယ်။ ကျနော်တို့ရဲဘော်တွေပေါ့။ ဒါပေမဲ့ ကျနော်တို့တန်ပြန်တိုက်ခိုက်မှု၊ ထိုးစစ်ဆင်မှုမှာဆိုလို့ရှိရင် စစ်ကောင်စီဘက်က အကျအဆုံးအများကြီးရှိတယ်။ ပြီးတဲ့အခါမှာ ဒဏ်ရာရတာတွေလည်း အတော်လေးများတယ်ပေါ့။ ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ ဒေါတမကြီးဘက်မှာဖြစ်တဲ့တိုက်ပွဲအတွင်းမှာတော့ ၉၀ လောက်ကိုသေတယ်။ ၅၀ နဲ့အထက်ပေါ့လေ။ ထိခိုက်ဒဏ်ရာရပြီးတော့ သူတို့ပြန်ဆွဲသွားတယ်ပေါ့။”

အဲဒီတော့ စစ်ကောင်စီဘက်က ဘာကြောင့် အခုလိုအထိနာပြီး KNDF ဘက်ကတော့ ထိခိုက်မှုနည်းခဲ့ပါသလဲလို့ မေးရာမှာတော့ ဒီပြန်ကြားရေးတာဝန်ရှိသူကပဲ အခုလို ပြောပြပါတယ်။

“အဓိက ဒီနေရာဒေသတွေက ကျနော်တို့က နယ်မြေကျွမ်းကျင်မှုပိုရှိတယ်။ ပြီးတဲ့အခါမှာ ကောင်းတဲ့ဗျူဟာတွေကို ကောင်းကောင်းမွန်မွန်နဲ့ထိုးစစ်ဆင်နိုင်တဲ့ဗျူဟာတွေကို ကျနော်တို့လုပ်နိုင်ခဲ့တယ်ပေါ့လေ။”

ကျဆုံးထိခိုက်တဲ့အရေအတွက်က မြန်မာစစ်တပ်ဘက်က ကယားပြည်နယ်ထဲမှာ ဒုတိယအများဆုံးကျဆုံးမှုဖြစ်ကြောင်း KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီပြောခွင့်ရ အတွင်းရေးမှူး (၁) စောဒယ်နီရာယ်က ထောက်ပြပါတယ်။

“ဒီ ဒေါတမကြီးတိုက်ပွဲကတော့ စစ်ကောင်စီဘက်က အကျအဆုံး ဒုတိယအများဆုံး တိုက်ပွဲပဲဖြစ်ပါတယ်။ အများဆုံးကတော့ ၂၀၂၁ ခုနှစ်ထဲမှာဖြစ်တဲ့ တိုက်ပွဲပါပဲ။ အဲဒီတုန်းက ရန်သူက အထင်သေးတယ်လို့ ပြောလို့ရတယ်။ အဲဒီတုန်းက အစပဲရှိသေးတယ်။ နောက်ပြီးမှ သေနတ်တွေကလည်း အပြည့်အစုံမရှိကြသေးဘူး။ သို့သော် လူထုက အများကြီးပါတယ်။ နောက် လက်နက်၊ ယမ်းထောင်း ဘာ...ညာ စသဖြင့်ပေါ့၊ အဲဒီအချိန် တက်ကြွတဲ့လူထုတွေဖြစ်နေတယ်ပေါ့နော်။ ..တနေကုန်လည်းဖြစ်တယ်။”

တကယ်တော့ အခုတခေါက်တိုက်ပွဲတွေက ရှေ့မှာ ပိုပြင်းထန်လာပြီး ဧပြီ၊ မေလလောက်အထိ လျော့ကျမယ့်အနေအထား မရှိတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ရှောင်ဖို့နဲ့ ရိက္ခာတွေ ကြိုစုဆောင်းထားဖို့အရေးကြီးလာပြီလို့ ခွန်ဘီဒူးက အကြံပြုခဲ့ပါတယ်ခင်ဗျား။

ဒီးမော့ဆိုတဝိုက် တိုက်ပွဲပြင်းထန်
please wait

No media source currently available

0:00 0:04:03 0:00
တိုက်ရိုက် လင့်ခ်

===========

{{Unicode}}














ဆက်စပ်သတင်းများ ...

XS
SM
MD
LG