သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီတပ်တွေနဲ့ စစ်တပ် တိုက်ပွဲ ၃၄၀ ကျော်ဖြစ်ခဲ့လို့ KNDF ထုတ်ပြန် 


ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီက အရပ်သားကားတွေကို ပစ်ခတ်ပြီး အလောင်းတွေကို မီးရှို့သွားကြောင်း ဒေသခံတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုထားတဲ့ မီးရှို့သတ်ဖြတ်မှုမြင်ကွင်း။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၁)
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီက အရပ်သားကားတွေကို ပစ်ခတ်ပြီး အလောင်းတွေကို မီးရှို့သွားကြောင်း ဒေသခံတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုထားတဲ့ မီးရှို့သတ်ဖြတ်မှုမြင်ကွင်း။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၁)

[[Zawgyi/Unicode]]

၂၀၂၂ ခုနှစ် တနှစ်တာအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပေါင်း ၃၄၁ ကြိမ် ဖြစ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်တွေလည်း ရှိတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး အရပ်သားတွေလုံခြုံမှုကင်းမဲ့လာစေတယ်လို့ KNDF တာဝန်ရှိသူတွေကပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၊ ကရင်နီတပ်မတော် (KA) အပါအဝင် အခြား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တနှစ်အတွင်း တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖြစ်ခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီး အလွန်အကျွံအသုံးပြု ပစ်ခတ်တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၁၅၀ ကျော်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ KNDF က ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင် KNDF တပ်ဖွဲ့ဘက်က (၆၅) ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ၇၉၇ ဦး သေဆုံး၊ ၉၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ စစ်သုံ့ပန်း (၁၁) ဦး ဖမ်းဆီးရမိပြီး လက်နက်ငယ် (၃၃) လက်၊ လက်နက်ကြီး (၇) လက်နဲ့ ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရကြောင်းနဲ့ တပ်မ (၆၆) အပါအဝင် နယ်မြေခံတပ်ရင်းက စစ်ကောင်စီတပ်သား (၇) ဦးဟာ CDM ပြုလုပ်ခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဦးတည်ရာမရှိ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁၃) ဦး သေဆုံးပြီး (၆၄) ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့လည်း ပြောထားပါတယ်။ နေအိမ်အဆောက်အဦ (၆၇) လုံး အပါအဝင် ဘာသာရေးအဆောက်အဦ (၄) လုံး၊ စေတီ (၁) ဆူ ထိခိုက်ပျက်စီးခဲ့လို့ ပြောပါတယ်။ ဒီပြောကြားချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူကို မေးမြန်းဖို့ VOA က ဆက်သွယ်လို့မရပါဘူး။

KNDF ဗဟိုပြန်ကြားရေး တာဝန်ခံတဦးကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံအရပ်သားတွေအဖို့ မလုံမခြုံအခြေအနေတွ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

“အထူးသဖြင့်ပေါ့နော် ဒီစစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပေါ့နော်- အဆမတန် ပစ်တယ်ပေါ့နော်။ ဆိုတော့ အဲ့လိုအခါမျိုးမှာ ကျနော်တု့ိ ပြည်သူတွေအနေနဲ့က စစ်ရှောင်စခန်းမှာနေတာ ဖြစ်ဖြစ် မလုံခြုံတော့ဘူးပေါ့နော်။ အဓိကတော့ ကျနော်တို့ ဒီစစ်ကောင်စီရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျနော်တို့ နယ်မြေက တော်တော်လေးကို ပြည်သူတွေအတွက် နေထိုင်ဖို့ တော်တော်လေးကို စိုးရိမ်ရတဲ့အနေအထားမျိုးဖြစ်တယ်။”

လွိုင်ကော်မြို့နယ် ကုန်းသာရွာခံတဦးကတော့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမြဲတမ်း ထိတ်လန့်နေရတဲ့အကြောင်း ခုလို ပြောပါတယ်။

“သူ့မှာ ဦးတည်ရာမရှိဘူး။ သူ့ကျချင်တဲ့နေရာကျတယ်ဆိုတော့ ကျနော်တို့လည်း သတိအနေအထားတော့ ရှိရတာပေါ့နော်၊ အရင်တုန်းကလည်း ကျနော်တို့ရွာဆိုလည်း လက်နက်ကြီး ခဏခဏကျဖူးတဲ့အထဲမှာလည်း ပါတယ်လေ။ ဆိုတော့ ကြိုတင်ပြင်ဆင်ထားတဲ့အနေနဲ့ လက်နက်ကြီးအသံကြားပြီဆိုတာနဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတော့ မရှိဘူးပေါ့နော်၊ အဲ့လိုဖြစ်နေတယ်ပေါ့ဗျာဟုတ်။”

အခုလာမယ့်နှစ်အတွင်းမှာ ပိုပြီး ထိရောက်တဲ့စစ်ဆင်ရေးဖော်ဆောင်မယ်လို့လည်း KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“ဒီထက် ပိုကောင်းတဲ့ စစ်ဆင်ရေးတွေ ပိုထိရောက်တဲ့စစ်ဆင်ရေးတွေနဲ့ ကျနော်တို့ ဆက်ပြီးတော့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တာတွေ လုပ်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ ဒီလိုလုပ်နိုင်ဖို့ဆိုလို့ရှိရင် ပြည်သူတွေရင် ပူးပေါင်းမှု ထောက်ခံမှု၊ အားပေးမှုတွေကလည်း ဆက်လက် လိုအပ်နေသေးတာပေါ့နော်။ နောက်တခုကကျတော့ ကျနော်တို့ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ NUG လို အစိုးရကနေပြီးတော့ အဓိကကျတဲ့ စစ်မျက်နှာတွေကို ဖွင့်နိုင်မှ ကျနော်တို့တွေ ပိုပြီးတော့ ထိထိရောက်ရောက် အသာစီးရတာမျိုးတွေ ဖြစ်နိုင်မှာဖြစ်ပါတယ်။”

နွေဦးတော်လှန်ရေးနဲ့အတူပေါ်လာတဲ့ KNDF ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဟာ ကယားပြည်နယ် ဒေသခေါ် ကရင်နီပြည်ကိုအခြေခံပြီး လူငယ်တွေနဲ့ အဓိကထား ဖွဲ့စည်းထားတာပါ။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို မြန်မာစစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့တဲ့နောက်၊ ကယားပြည်နယ်တဝှမ်းနဲ့ တခြားမြန်မာပြည်ဒေသအသီးသီးက တက်ကြွသူလူငယ်တွေ စုဖွဲ့ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း KNDF နဲ့အတူ KA ကရင်နီတပ်ဖွဲ့တို့ ပူးပေါင်းပြီး မြန်မာစစ်ကောင်စီတပ်တွေနဲ့ ကယားပြည်နယ်ဒေသအတော်များများမှာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ဒေသခံ သောင်းဂဏန်းလည်း စစ်ပြေးဒုက္ခသည်တွေဖြစ်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

================












ဆက်စပ်သတင်းများ ...

XS
SM
MD
LG