သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီဖျက်သိမ်းမှုအတွက် နိုင်ငံတကာစိုးရိမ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ် ရန်ကုန်မြို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ် ရန်ကုန်မြို့

မြန်မာနိုင်ငံမှာ အရင် အာဏာရပါတီဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဖျက်သိမ်းလိုက်တဲ့အတွက် စိုးရိမ်မိကြောင်း ဂျပန် နဲ့ သြစတေးလျနိုင်ငံတို့က ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်ကောင်စီအနေနဲ့ တိုင်းပြည် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ကြသူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေကို စစ်ကောင်စီက ဖျက်သိမ်းလိုက်တာဟာ ကုလသမဂ္ဂက လိုလားတဲ့ လမ်းကြောင်း မဟုတ်တဲ့အကြောင်း ကုလအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

"ကျနော်တို့ မမြင်တွေ့လိုတဲ့လားရာကိုသွားတဲ့ နောက်ခြေလှမ်းတလှမ်းပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီကို ပြန်သွားတာ ကျနော်တို့ မြင်ချင်ပါတယ်။ ဆက်လက်ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသူတွေကိုလွှတ်ပေးတာ ကျနော်တို့ မြင်လိုပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်ပါမယ်"လို့ ကုလအတွင်းရေးမှူးချုပ်ရုံပြောခွင့်ရ Dujarric ကပြောသွားခဲ့တာပါ။

ပါတီမှတ်ပုံတင်ဥပဒေ အသစ်အောက်မှာ စုစုပေါင်း ၅၂ ပါတီက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ဖို့ လျှောက်ထားခဲ့ကြတယ်လို့ စနေနေ့ထုတ် နိုင်ငံတော်ပိုင် မြန်မာ့အလင်းသတင်းစာက ဆိုပါတယ်။ ၁၂ ပါတီက အမျိုးသား အဆင့်၊ ၄၀ က ပြည်နယ်တိုင်းအဆင့်မှာယှဉ်ပြိုင်ဖို့ လျှောက်ထားကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပေမယ့် ပြည်သူရှိသရွေ့ ပါတီရှိနေမယ့်အကြောင်း NLD အဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး လွတ်လပ်တဲ့မီဒီယာလည်း မရှိ၊ မတရားတဲ့ဥပဒေတွေအောက်မှာ ရွေးကောက်ပွဲဟာ မလွတ်လပ်သလို မျှတမှာလည်းမဟုတ်ဘူးလို့ သုံးသပ်သူတွေက ပြောကြပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံမှာ စစ်ကောင်စီ စီစဉ်ကျင်းပမယ့် ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေသာ တိုးလာစေနိုင်ပြီး ရွေးကောက်ပွဲ အကြောင်းပြ ဖိနှိပ်မှုတွေလည်း ပိုများ နိုင်တဲ့အကြောင်း နိုင်ငံတကာ ပဋိပက္ခလေ့လာရေး အဖွဲ့ကြီး ICG က မနေ့က သတိပေးထားပါတယ်။ လုံခြုံရေးအခြေအနေအရ လောလောဆယ် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ စစ်ကောင်စီဘက်က အတိအကျ ကြေညာတာ မရှိသေးပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ဖို့ ဉပဒေပြင်ဆင်သတ်မှတ်တာ၊ မဲစာရင်းအသစ် ကောက်ခံတာတွေ လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG