သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ


ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ (ဇွန်၊ ၂၀၂၃)
ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ (ဇွန်၊ ၂၀၂၃)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းက နတ်သံကွင်း၊ ရေတွင်းကုန်းကြီး၊ ဘုံသတောနဲ့ နတ်သံကွင်းရဲစခန်း တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်ပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိတာကြောင့် ဒေသခံ ၁၅,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ KNLA တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်ပြီး လေကြောင်း တိုက်ခိုက်မူတွေလည်း ရှိနေတာပါ။

ပူးပေါင်းတပ်ဖွဲ့တွေဘက်က နတ်သံကွင်းရဲစခန်းကို လာရောက်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ပြန်ပြီး တိုက်ခိုက်တာကြောင့် ဒေသခံတသောင်းခွဲလောက် ထွက်ပြေးနေရတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

“(ဇွန်လ)၆ ရက်နေ့မနက် ၄နာရီ ၁၅မိနစ်လောက်မှာ KNU KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေက လာပြီး နတ်သံကွင်းရဲစခန်းကိုလာဝင်ပစ်ပြီး လာသိမ်းတာပေါ့။ စစ်တပ်က လည်းလေယာဉ်နဲ့လာပြီးဗုံးကြဲတာပေါ့။ အဲဒီမှာ ရွာတွေကော၊ ရပ်ကွက်တွေကိုကော ပတ်ချာလည့် တနေ့လုံး ဗုံးကြဲတာပေါ့။ ရွာသားတွေကလည်း လန့်ဖြန့်ပြီး အဝတ်တထည် ကိုယ်တခုနဲ့ ပြေးရတယ်။ တသောင်းခွဲ၊ နှစ်သောင်း ဝန်းကျင်လောက်ရှိတယ် ပြေးကြတာ။”

ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ (ဇွန်၊ ၂၀၂၃)
ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ (ဇွန်၊ ၂၀၂၃)

နတ်သံကွင်း၊ ရေတွင်းကုန်းကြီး၊ ဘုံသတော စတဲ့နေရာတွေက လူထုတွေဟာ ဦးတည်ရာမဲ့ ကြောက်လန့်တကြား ပြေးနေရပြီး အခုချိန်ထိ ရွာတွေနားကို မကပ်ရဲကြဘူးလို့ ဆိုပါတယ်။ ဒီအတွက် လူအခွင့်ရေး ချိုးဖောက်မူတွေ ဆက်တိုက်ဖြစ်နေတယ်လို့လည်း ကရင် လူ့အခွင့်ရေးအဖွဲ့ KHRC က ‌ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလိုပြောပါတယ်။

“အဆိုးဝါးဆုံးအခြေအနေလို့ ပြောရပေါ့နော်။ အထူးသဖြင့် ဘေးကင်းလုံခြုံမူ မရှိတော့ဘူး။ အသက်မွေးဝမ်းကျောင်းပြုခွင့်ဆိုတဲ့ အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်တို့၊ ကျန်းမာရေးပညာရေးတို့ နေ့စဉ် ချိုးဖောက်ခံနေရတာပေါ့လူ့အခွင့်အရေးနဲ့ပေါ့။”

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ KNUထိမ်းချုပ်ထားတဲ့ ဒူးပလာယာခရိုင်နယ်မြေ၊ ဆံဖလား ကျေးရွာအတွင်းကိုလည်း နေပြည်တော်လေတပ်ကလာတဲ့ ဂျက်လေယဉ်နဲ့ ဇွန်လ ၆ရက်နေ့ မနက်ပိုင်းမှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတွက် စာသင်ကျောင်းတကျောင်းနဲ့ လူနေအိမ်တချို့ ဗုံးစထိမှန် ပျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာမှာလည်း လူဦးရေ ထောင်ဂဏန်းလောက် ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေ များလာတဲ့အတွက် KNU ထိန်းချုပ် နယ်မြေ ၇ခုထဲမှာ စစ်ဘေးရှောင် ၅သိန်းထက်မနည်း တိုးလာနေပြီး သေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေလည်း များလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG