သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ကြီးမြို့၊ နတ်သံကွင်း ရဲစခန်းကို KNLA-PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်


Google မြေပုံထဲမှာတွေ့ရတဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း ရဲစခန်း
Google မြေပုံထဲမှာတွေ့ရတဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း ရဲစခန်း

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း ရဲစခန်း တိုက်ခိုက်ခံရပြီး စစ်တပ်က လေယာဉ်တွေနဲ့ ပစ်ခတ် ဗုံးကြဲခဲ့သလို စစ်တောင်းမြစ်ပေါ်ကိုဖြတ်ပြီး ကျောက်ကြီးနဲ့ နတ်သံကွင်းကို ဆက်သွယ်ထားတဲ့ တံတားလည်း မိုင်းခွဲခံရလို့ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်ဘေးရှောင်နေရသူတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ နတ်သံကွင်း ရဲစခန်းကို KNLA နဲ့ PDF ပူးပေါင်း အဖွဲ့တွေက ဇွန် ၆ ရက် မနက် ၄ နာရီကျော်ကစလို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မနက်ပိုင်းမှာ စစ်တပ်ဘက်က လေယာဉ်တွေနဲ့ ပစ်ခတ်ဗုံးကြဲတာတွေ ရှိခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

ဒါ့အပြင် စစ်တောင်းမြစ်ကို ဖြတ်ပြီး ကျောက်ကြီးနဲ့ နတ်သံကွင်းကို ဖြတ်သန်းတဲ့ မြစ်ကူးတံတားလည်း မိုင်းဒဏ်ကြောင့် သွားလာလို့မရတော့တဲ့အထိ ပျက်စီးသွားပါတယ်။ စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တွေပျက်စီးတာရှိပြီး ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲအခြေအနေကို သိရှိတဲ့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“မနက် ၄ နာရီ ၃၀ မှာ နတ်သံကွင်းမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ ဖြစ်တဲ့နေရာက နတ်သံကွင်းရဲစခန်း နတ်သံကွင်း စစ်တောင်းတံတား နတ်သံကွင်း အရှေ့ဘက်ပေါ့နော် နေရာ ၃/၄ နေရာလောက်ခွဲပြီးတော့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ နောက်တခုက နတ်သံကွင်းတံတား စစ်တောင်း တံတားပေါ့လေ တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ ကို စစ်ကောင်စီ စစ်ကူသွားနေတဲ့ ထောက်ပို့လမ်းကြောင်းဖြစ်တဲ့ အဓိကနေရာကို အသုံးပြုနေတဲ့ စစ်တောင်းတံတားကို ချိုးလိုက်တယ်။ ချိုးလိုက်ပြီး သိပ်မကြာခင်မှာ စစ်ကောင်စီက ရဟတ်ယာဉ်တခုနဲ့ လာတယ်ပေါ့နော်။ ထိခိုက်ကျဆုံးမှုတွေကတော့၊ ထိခိုက်မှုတွေပေါ့ ပြည်သူထိခိုက်ဒဏ်ရာရတာ ပေါင်တို့ ကျန်တာတွေ ထိခိုက်ဒဏ်ရာရတာရှိတယ်။ အိမ်ပေါ်တွေ ကျတာတွေရှိတယ်။ မှန်တွေကွဲသွားတာရှိတယ်။ အဲ့ဒါလေးတွေတော့ရှိတယ်။”

တိုက်ပွဲက ၃ နာရီကျော် နီးပါးကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့ အနီးက ကျေးရွာတော်တော်များများ ဒေသခံတွေဟာ တိမ်းရှောင်နေရပါတယ်။ တံတား ပျက်စီးသွားတဲ့အတွက် ကူးသန်းသွားလာလို့ မရတော့ဘဲ အချို့က တိမ်းရှောင်သလို မတိမ်းရှောင်တဲ့သူတွေလည်း ရှိနေပါတယ်။ စစ်ဘေးရှောင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကျောက်ကြီးဒေသခံတဦးကလည်း အခုလို ပြောပါတယ်။

“စစ်ဘေးရှောင်တွေ အနေအထားကတော့ ဟိုဘက်ခြမ်း(နတ်သံကွင်းဘက်) မှာရှိတဲ့ စစ်ဘေးရှောင်တွေကတော့ သူတို့လည်း ဒီဘက် (ကျောက်ကြိးဘက်) ကို ကူးလာဖို့က မလွယ်တော့ဘူး။ တံတားလည်း မရှိတော့တဲ့အတွက် ဒီဘက်ကို ကူးလာဖို့ မလွယ်တော့ဘူး။ အဆင်ပြေသလို ရှောင်ကြမယ်ထင်တယ်။ တံတားနဲ့အနီးဘက် တံတားဘက်ခြမ်းက စုနေကြတယ်။ တချို့လည်း ကိုယ့်အိမ်ထဲကိုယ် ကုတ်ပြီးနေကြတဲ့ အနေအထားမျိုးတွေမှာရှိတာပေါ့။”

အခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ KNLA တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်ပြီး တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို KNLA ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ အရင်ကလည်း ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား မကြာမကြာ တိုက်ပွဲတွေ ဖြစ်လေ့ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG