သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင့်သာကျေးရွာတဝိုက် ဒေသခံထောင်ချီ ဘေးလွတ်ရာခိုလှုံနေရ


ယခင်မှတ်တမ်းရုပ်ပုံ | လူပေါင်း ၁၇၀ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အပါအဝင် အနီးနားက ကျေးရွာက ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။
ယခင်မှတ်တမ်းရုပ်ပုံ | လူပေါင်း ၁၇၀ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အပါအဝင် အနီးနားက ကျေးရွာက ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာမှာ အင်အား ၂၀၀ ကျော်လောက်ရှိတဲ့ စစ်တပ် စခန်းချနေတာကြောင့် အနီးတဝိုက်ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီဟာ ဘေးလွတ်ရာမှာ ပြောင်းရွှေ့ခိုလှုံနေကြရပါတယ်။ ဇင်းကျေးရွာမှာတော့ မိုင်းနင်းမိတဲ့ ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပါမယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ် ခမရ ၃၆၁ နဲ့ပျူစောထီးအဖွဲ့ဝင် စုစုပေါင်း အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းတခုဟာ ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာ စခန်းချနေတာကြောင့် အနီးဝန်းကျင်ရွာတွေက ဒေသခံတွေ စိုးရိမ်ပြီး ဘေးလွတ်ရာမှာ ပြောင်းရွှေ့ခိုလှုံနေကြပါတယ်၊ ဇွန်လ ၁ ရက် ကြာသပတေးနေ့က ခမရ ၃၆၁ တပ်က အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်လာခဲ့ပြီး ဒီနေ့ သောကြာနေ့မှာတော့ နောက်ထပ်အင်အား ၈၀ ဝန်းကျင်လောက် ရောက်လာတယ်လို့ ကန့်ဘလူ KB 3 ကာကွယ်ရေး တပ်ဖွဲ့ဝင် ကိုဇော်က ခုလိုပြောပါတယ်။

“ပင့်သာရွာမှာ ၃၆၁ က နေတာဗျ၊ နောက်ထပ်သူတို့ အင်အား ၈၀ နီးပါးလောက် ပျူအင်အား ၈၀ နီးပါးလောက်ထပ်ပြီး ရောက်လာတယ်။ ၃၆၁ အင်အားကလည်း ၁၂၀ နဲ့ ၇ ယောက်ပါတယ်ဗျ။ အင်အားကတော့ သူတို့က ထပ်ဖြည့်နေတယ်။ အဲ့ဖက်က စစ်ဘေးရှောင်ကျေးရွာတွေကတော့ ဖလံရ၊ ချောင်းကြား၊ ပင့်သာ၊ မကျည်းကုန်း၊ အင်းမ၊ ရှမ်းကုန်း၊ တင်းတဲ၊ ထင်းဖြူတော၊ တောင်ယာဆိပ် အဲ့ဒီရွာတွေက စစ်ဘေးအကုန်ရှောင်နေရတယ်။ စစ်ရှောင်အရေအတွက်ကလည်း ရွာတွေကလည်း ရွာကြီးတွေဆိုတော့ ၄၊ ၅၊ ၆ ထောင်လောက် ရှိမယ်ဗျ လူဦးရေကျတော့လေ။”

ပင့်သာရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းချီ နယ်မြေရှင်းလင်းတာမျိုး မလုပ်ပေမဲ့ အနီးဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။ ပင့်သာနဲ့ အနီးတဝိုက်ကျေးရွာတွေကို စစ်တပ် စစ်ကြောင်းတွေ အရင်က မကြာခဏ ဝင်ရောက်တတ်တာမို့ ဒေသခံတွေ ဘေးလွတ်ရာ သွားနေကြတာဖြစ်ပါတယ်။ စစ်တပ်ဝင်လေ့ရှိတဲ့ ရွာတွေမှာ နေအိမ်တွေ မီးရှို့ခံရတာ၊ လူနေအိမ်တွေ ခြံဝန်းတွေမှာ မြေမြှပ်မိုင်းတွေ ထောင်ခဲ့တတ်တာမို့ မြေမြှပ်မိုင်းအန္တရာယ်ကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“နဂိုကလည်း စစ်ကြောင်းက မပြတ်မပြတ်ဘဲ ကျွန်တော်တို့ ကန့်ဘလူ တောင်ဖက်ခြမ်း မြောက်ဖက်ခြမ်းကို အဲ့လိုထိုးနေတာဗျ။ အဲ့ဒီပင့်သာတို့ အခု အဲ့ဒီဖက်ကရွာတွေ အင်းမတို့ရွာတွေဆိုရင် သူတို့ မကျန်တော့အောင် မီးရှို့ထားတဲ့ ရွာတွေပဲ။ အမြဲတမ်းပဲ မပြတ်ဘူး စစ်ကြောင်းက အမြဲတမ်းပဲ ရှောင်နေကြရတာ။ ပြန်ပြီဆိုရင်တော့(ရွာမှာ) ပြန်နေတယ်ပေါ့ဗျာ။ ပြည်သူတွေက သူတို့အိမ်တွေမီးရှို့မှာတွေ အရင်ကလိုပဲ အကုန်မိုင်းတွေ ရွာမှာထောင်ထားခဲ့မှာတွေ အဲ့လိုတွေ ကြောက်နေကြတယ်။ ခုလောလောဆယ်ကတော့ စစ်ကြောင်းက ဘယ်မှ မရွေ့ဘဲ ပင့်သာမှာပဲထိုင်နေတယ်ဗျ။”

ကန့်ဘလူမြို့နယ်ထဲကပဲ စစ်တပ်ထောက်ခံတဲ့ ပျူစောထီအဖွဲ့ဝင်တွေရှိတဲ့ ဇင်းကျေးရွာမှာလည်း စစ်တပ်စခန်းချလေ့ရှိပါတယ်။ အဲဒီရွာအနီးတဝိုက်မှာ စစ်တပ်ဘက်က မြေမြှပ်မိုင်းတွေ ထောင်ထားလေ့ရှိတာမှာ မေလ ၃၀ ရက်နေ့ကပဲ စစ်တပ်ဘက်က ထောင်ထားတဲ့ မြေမြှပ်မိုင်းကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူတွေရှိတယ်လို့ KB 3 ကာကွယ်ရေး တပ်ဖွဲ့ဝင် ကိုဇော်က ပြောပြပါတယ်။

"သူတို့က ပတ်ပတ်လည်မိုင်းတွေ မထွက်ရဲအောင် ပြည်သူတွေ မထွက်ရဲအောင် သူတို့အဖွဲ့ထဲက လူတွေလည်း မထွက်ရဲအောင် မိုင်းတွေနဲ့ ပတ်ပတ်လည်ကာထားလိုက်တာ။ အဲ့လို ကာထားတဲ့အခါ ပြည်သူတွေက ပြည်သူတွေက ဘေးကိုထွက်ခဲ့တဲ့အချိန်မှာ မိတာတွေဗျ။ ၃ ယောက်သေပါတယ်ဗျ။ ၃ ယောက်ကတော့ သေသွားတယ်။ အရင်နေ့တွေက ထိတာတွေကတော့ သူတို့ ခြေထောက်ပြတ်တာလောက်၊ ခြေထောက်ကြီးကြီးမားမား ဒဏ်ရာ ရတာလောက်တို့ပါ။”

စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးတွေကို မပြတ်လုပ်နေပါတယ်။ နယ်မြေရှင်းလင်းရေး၊ တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ကန့်ဘလူခရိုင်အတွင်းမှာ စစ်ဘေးရှောင်ဦးရေတွေ တဖြေးဖြေးတိုးလာနေပြီး လက်ရှိမှာ စစ်ရှောင်အရေအတွက်ဟာ ၅၀၀၀၀ ဝန်းကျင်အထိ ရှိနေပြီလို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG