သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ်မှာ ညဖက်ပစ်ခတ်မှုကြောင့် မြို့ခံ ၂ ဦးသေဆုံး


ထားဝယ်မြို့
ထားဝယ်မြို့

စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် မြို့ခံ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေကြား တင်းမာမှုတွေ ရှိနေချိန်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဖမ်းဆီးတာတွေ ရှီတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မမြသဇင်အောင် ပြောပြထားပါတယ်။

ထားဝယ်မြို့မှာ မနေ့ညဖက်က ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး၊ မြို့ခံ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းဆုံမှာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး၊ ဆိုင်ကယ် ၂ စီးလည်း မီးရှို့ခံထားရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

"စက်လက်တွေနဲ့ မြို့ထဲမှာ ပတ်ပြီးတော့ ပစ်သွားတာ။ အဲဒီမှာ အရပ်သား ၂ ယောက် သေသွားတယ်။ သေဆုံးသူတွေက လူလတ်ပိုင်းအရွယ် အမျိုးသားတွေ။ ဆိုင်ကယ် ၂ စီးကိုလည်း လမ်းမှာတင် မီးရှို့ခဲ့တယ်။"

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့တုန်းက လူဝင်မှုကြီးကြပ်ရေးရုံး၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးနဲ့ လောင်းလုံးမြို့မ ရဲစခန်းတို့ကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့နဲ့ ထားဝယ်နဂါးတပ်ခွဲ ၅ တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီဖြစ်စဉ် ပြီးတဲ့နောက်ပိုင်း ဒီကနေ့အချိန်ထိ ထိတွေ့တိုက်ပွဲ မရှိပေမယ့် စစ်ကောင်စီဘက်က စစ်ဆေးတာတွေ ပိုလုပ်လာတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

"ထိတွေ့မှုကတော့ အခုချိန်ထိ မရှိဘူးဗျ။ မရှိသေးဘူးပေါ့နော်။ ဒါပေမဲ့ မြို့အတွင်းပိုင်းကို သူတို့က စစ်ဆေးရေး တင်းကြပ်တာတို့၊ ဖမ်းဆီးတာတို့ကတော့ ဒီနေ့အထိ ရှိသေးတယ်။ လောင်းလုံးမြို့ပေါ်မှာတော့ မနက်အစောကြီးကတည်းက အင်အားအများကြီးနဲ့ စစ်တာတွေရှိတယ်။ ပြီးတော့ မြို့အဝင် တံတားတွေမှာလည်း စစ်တာရှိတယ်။"

စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားထပ်တိုးလာသလို၊ မြို့ပေါ်မှာလည်း လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ ညဘက် ဧည့်စာရင်း စစ်တာတွေ တောက်လျှောက်လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထားဝယ်မြို့နယ်က ထိခိုက်သေဆုံးမှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုဖို့ကတော့ ခက်ခဲနေပြီး၊ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ယခင်မှတ်တမ်းရုပ်ပုံ | ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဓာတ်ပုံ- CJ)
ယခင်မှတ်တမ်းရုပ်ပုံ | ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဓာတ်ပုံ- CJ)

လောင်းလုံးမြို့ပေါ်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တဲ့ မြို့ပြစစ်ဆင်ရေး ပြီးချိန်ကစပြီး တိုက်ခိုက်မှုတွေ မရှိတာ သီတင်းပတ်နဲ့ချီ ရှိသွားပြီလို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းတာတွေတော့ ရှိနေတယ်လို့ ပြောပါတယ်။

"အခုလက်ရှိမှာတော့ ထားဝယ်ဆိုလို့ရှိရင် အရှေ့တောနယ်ပေါ့နော်၊ တပ်မ ၄ အခြေစိုက် ရှိတဲ့နေရာပေါ့။ အဲဒီဘက်မှာတော့ စစ်ကောင်စီကနေ စစ်ကြောင်းထိုးတာတွေ ရှိတယ်။ အရင်ထက်ပိုပြီးတော့ အင်အားအများကြီးနဲ့ ထိုးနေတာတွေရှိတယ်။ စစ်ရေးအနေနဲ့က အခုမိုးတွင်းကာလဆိုတော့ သူတို့က စစ်ကြောင်းထိုးပြီးတော့ ရွာတွေပတ်သွားတာတို့၊ ပြည်သူတွေကို ဖမ်းဆီးတာတို့၊ ပစ်သတ်တာတို့တော့ ပုံမှန်အတိုင်း သွားနေတယ်ဗျ။ ထားဝယ်ခရိုင်မှာက ၄ မြို့နယ် ရှိတာပေါ့။ ၄ မြို့နယ်လုံးမှာတော့ နေရာတိုင်းမှာ ဖြစ်နေတာမျိုးတော့ မရှိဘူးပေါ့။ သူတို့က တနေရာဖိရင် ကျန်တဲ့ ၃ မြို့နယ်ကတော့ နည်းနည်းသက်သာတယ်ပေါ့။"

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာလည်း အခုရက်ပိုင်းထဲ စစ်ကောင်စီတပ်သားတွေ မြို့ပေါ်နဲ့ ရွာတွေထဲမှာ ဝင်ရောက်လာတာရှိပြီး၊ ဒေသခံတချို့ ဖမ်းဆီးခံရတာလည်း ရှိတယ်လို့ နယ်ခံတွေက ပြောပါတယ်။ ရေဖြူမြို့နယ်၊ နွယ်လီရွာမှာလည်း မနေ့ညတုန်းက စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရွယ်မရောက်သေးသူ မိန်းကလေးငယ်တဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်က တနင်္သာရီတိုင်းထဲက ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တဲ့နေရာတွေနဲ့ အဲဒီအနီးဝန်းကျင်မှာ အင်အားပိုချထားသလို၊ ဖမ်းဆီး စစ်ဆေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG