သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဖြူမှာ Hijet အမျိုးအစားဘုန်းကြီးကား တိုက်ခိုက်ခံရပြီး ၂ ဦးသေ၊ ၆ ဦး ဒဏ်ရာရ


သေနတ်ပစ်ခတ်ခံခဲ့ရသည့် မော်တော်ယာဉ် (ဓာတ်ပုံ - ဒေသခံပရဟိတအဖွဲ့ )
သေနတ်ပစ်ခတ်ခံခဲ့ရသည့် မော်တော်ယာဉ် (ဓာတ်ပုံ - ဒေသခံပရဟိတအဖွဲ့ )

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ မော်တော်ယာဉ်တစီးပစ်ခတ်ခံရလို့ ကားပေါ်ပါလာတဲ့ ဆရာတော်တပါးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ ကလေးငယ်တွေ အပါအဝင် ကျန်တဲ့ ၆ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က ပြောပြမှာပါ။

ထားဝယ်၊ ရေဖြူမြို့နယ်၊ နှမ်းကျဲရွာအနီးမှာ Hijet အမျိုးအစား မော်တော်ယာဉ်တစီးကို ဖေဖော်ဝါရီလ ၆ ရက်၊ တနင်္လာနေ့ ညနေ ၃ နာရီခွဲဝန်းကျင်အချိန်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်လို့၊ ကားပေါ်ပါလာသူတွေထဲက ၂ ဦးသေဆုံးပြီး၊ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။ ကားပေါ်မှာ ဆရာတော်တပါး အပါအဝင် မြို့ပေါ်ကို ဆေးခန်းပြဖို့ လမ်းကြုံလိုက်လာသူတွေလည်း ပါပါတယ်။

"ထားဝယ်နဲ့ ဆရာတော့်ကျောင်းက ထားဝယ် - ရေး လမ်းမကြီးမှာ ရှိတာကို။ ဒါပေမဲ့ ကျနော်တို့ ထားဝယ်အပိုင်ပေါ့။ အတက်၊ အဆင်းမှာဆိုရင် တချို့ ဒါယိကာ၊ ဒါယိကာမတွေက လမ်းကြုံလိုက်ကြတာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သီးသန့် ထားဝယ်ကို ဆင်းဖို့ဆိုတာ မလွယ်ဘူးလေ။"

အဲဒီ ပစ်ခတ်ခံရတဲ့ယာဉ်ဟာ ရာဖူးရွာသစ်ဘုန်းကြီး ကျောင်းကဖြစ်ပြီးတော့ ပစ်ခတ်မှုကြောင့် သက်တော် ၆၀ အရွယ် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး၊ အသက် ၆၅ နှစ်အရွယ် ဒါယိကာမတဦးလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ ကလေးငယ်တွေ အပါအဝင် ကျန်တဲ့ ၆ ဦးလည်း ဒဏ်ရာရခဲ့ကြပါတယ်။ ဆရာတော်က ရွာမှာ ကျောင်းထိုင်တာကြာပြီ ဖြစ်သလို၊ အခု ပစ်ခတ်ခံရတဲ့ယာဉ်နဲ့ မြို့ပေါ် အသွားအလာ လုပ်တာလည်း အရင်ကတည်းက ရှိတယ်လို့ ဆရာတော်နဲ့ ရင်းနှီးသူတဦးက ပြောပါတယ်။

"ဆရာတော်က ထားဝယ်မှာ ပစ္စည်းပစ္စယ ဝယ်ပြီးတော့ သူ့ကျောင်းကို သူပြန်တာ။ ဆရာတော်ကတော့ ဒီကားနဲ့ ပစ္စည်းဝယ်တာဖြစ်ဖြစ် သူကိုယ်တိုင် လုပ်နေကြပဲ။ အဲဒီရွာမှာ ကျောင်းထိုင်တာလည်း ကြာပြီ။ မနေ့က ဖြစ်စဉ်မှာ ကျနော်တို့ သိရသလောက်ကတော့ ဒီကားကို ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ်ပေါ့နော်၊ ကားမှားပြီး ပစ်တဲ့ပုံစံမျိုး။ ဆရာတော်ကားရဲ့ ရှေ့မှာ ရာဖူးကျောင်းသစ်ဆရာတော် စာပြားလည်းရှိတယ်။ သာသနာ့အလံလည်း ရှိတယ်။ ကျနော်တို့ သိရသလောက်ကတော့ ဖြစ်ဖြစ်ချင်း ဖြစ်ပြီးတာနဲ့ အဲဒီပစ်တဲ့အဖွဲ့က ဆင်းလာတယ်။ သူတို့ကတော့ အမြင့်တနေရာကနေ ပစ်တဲ့ပုံစံမျိုး။"

ပျံလွန်တော်မူသွားတဲ့ ဆရာတော်နဲ့အဖွဲ့ဟာ ထားဝယ်ကနေ ကျောင်းဆောက်ပစ္စည်းဝယ်ယူပြီး၊ ရေဖြူမြို့နယ် ရာဖူးရွာသစ်ဆီအပြန် အခုလို ပစ်ခတ်ခံရတာလို့ သိရပါတယ်။ ဖြစ်စဉ် ဖြစ်ပွားတဲ့နေရာမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေအပြင် ဒေသခံကာကွယ်ရေးအဖွဲ့တွေလည်း လှုပ်ရှားသွားလာလေ့ရှိတဲ့ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ရှုပ်ထွေးနေတဲ့နေရာပါ။ အခုဖြစ်စဉ်မှာ ဘယ်အဖွဲ့က ပစ်ခတ်သလဲဆိုတာကိုတော့ ဗွီအိုအေက အတိအကျ မသိရသေးပါဘူး။ ထားဝယ် လောင်းလုံနဲ့ ပုလောမြို့နယ်တွေအတွင်း စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေအကြား လက်နက်ကိုင်ပဋိပက္ခတွေရှိသလို၊ စစ်ပြေးဒုက္ခသည်တွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]








XS
SM
MD
LG