သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ရနောင်းဘက်ကို မြန်မာနိုင်ငံသား ၂၀၀ ခန့် တိမ်းရှောင် 


တနင်္သာရီတိုင်း ထားဝယ်၊ ဘုတ်ပြင်းဘက်က တိုက်ပွဲတွေကြောင်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့ထဲ ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာစစ်ဘေးရှောင်များ။ (ဓာတ်ပုံ-ထိုင်းစစ်တပ်/ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃)
တနင်္သာရီတိုင်း ထားဝယ်၊ ဘုတ်ပြင်းဘက်က တိုက်ပွဲတွေကြောင်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့ထဲ ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာစစ်ဘေးရှောင်များ။ (ဓာတ်ပုံ-ထိုင်းစစ်တပ်/ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃)

မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ကတဘက်၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကော်သူးလေးတပ်မတော်ပူးပေါင်းတပ်တို့ကတဘက် တိုက်ပွဲတွေဖြစ်နေတာကြောင့် ရနောင်းမြို့ဘက်ကို မြန်မာဒုက္ခသည် ၂၀၀ နီးပါး ထွက်ပြေးခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ထိုင်းဗိုလ်ချုပ်ကိုယ်တိုင် နယ်စပ်ကိုလာရောက်စစ်ဆေးခဲ့ပြီး ၂၄ နာရီ နယ်စပ်လုံခြုံရေးကိုစောင့်ကြည့်ဖို့ သတိပေးသွားပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ထိုင်းနိုင်ငံ ရနောင်းပြည်နယ်ထဲ မြန်မာစစ်ဘေးရှောင်တွေ ထွက်ပြေးလာနေကြပြီး ထိုင်းဘက်က ဒုက္ခသည်၂၀၀ နီးပါးကို လက်ခံကူညီထားရပါတယ်။ ထိုင်းဗိုလ်ချုပ် Woradej Dejraksa ကိုယ်တိုင် တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့အနီးဆုံးနယ်စပ်ကို ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့မှာ သွားရောက်စစ်ဆေးခဲ့ပြီး လုံခြုံရေးစောင့်ကြည့်ပြီး အသင့်ပြင့်ထားဖို့ ထိုင်းစစ်တပ်ကိုမှာကြားထားပါတယ်။ စစ်ဘေးရှောင်တွေကို အကူညီပေးထားရကြောင်း ထိုင်းဗိုလ်ချုပ်က အခုလိုပြောသွားပါတယ်။

“တိုက်ပွဲတွေကြောင့် ဒေသခံ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနယ်မြေထဲကို စစ်ရှောင်ထွက်ပြေးလာကြပါတယ်။ ကျနော်တို့အနေနဲ့ ပြည်နယ်အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ညှိနှိုင်းပြီး စစ်ဘေးရှောင်ပြည်သူတွေကို ဘေးလွတ်ရာနေရာမှာ ခိုလှုံခွင့်ပေးထားပါတယ်” - လို့ ထိုင်းဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

ထိုင်းတောင်ပိုင်းက ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်က ဦးဘရီကလည်း အခုလိုပြောသွားပါတယ်။

“အခုဆိုရင် ရနောင်းဘက်မှာ ကလေးလူကြီးအတော်များများရောက်လာတယ်။အခုက စစ်ကောင်စီနဲ့ ပီဒီအက်ဖ်တွေ တိုက်ပွဲဖြစ်ပြီး ဒေသခံပြည်သူတွေက ရနောင်းဘက်ကို ရောက်ရှိလာကြတာပါ။ အခုဆိုရင် ကလေးလူကြီးအတော်များတယ်။ ထားဝယ် တနင်္သာရီတိုင်းတလျှာက်လုံးမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ထားဝယ်ဘက်တို့၊ ဘုတ်ပြင်းတို့မှာ တိုက်ပွဲဖြစ်နေပါတယ်။”

ထိုင်းဘက်ကတော့ လူသားချင်းစာနာမှုနဲ့ လက်ခံပေးထားတာတွေ့ရတယ်လို့လည်း ပြောပါတယ်။

“အခုကတော့ လူသားချင်းစာနာမှုနဲ့လက်ခံပေးထားတာတွေ့ရတယ်။ ကလေးတွေအတော်များတယ်။ ထိုင်းကလက်ခံပြီး လူနှစ်ရာ သုံးရာလောက်ထိ ရှိတယ်။ ထိုင်းအာဏာပိုင်တွေက လက်ခံပြီး လုံခြုံစွာထားပေးတယ်။ အစာရေစာပေးပြီး လုံလုံခြုံခြုံထားပေးထားတယ်။”

မြန်မာပြည်ဘက်က စစ်ဘေးဒုက္ခသည်တွေဟာ အများအားဖြင့် မဲဆောက်ဘက်ကိုသာ သွားလေ့ရှိကြပေမယ့် အခု ရနောင်းဘက်ကို ပြေးရှောင်လာတာကတော့ ပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ဘုရားသုံးဆူတိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာကြတာလည်းရှိပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==================

{{Unicode}}










XS
SM
MD
LG