သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီနဲ့ ကော့ကရိတ်မှာ စစ်တပ်နဲ့ KNLA/PDF တိုက်ပွဲပြင်းထန် စစ်ဘေးရှောင် ၁,၇၀၀ ကျော် ထိုင်းဘက် ကူး


တောတောင်တွေထဲ ပုန်းခိုနေကြတဲ့ ကရင်စစ်ဘေးရှောင်ဒုက္ခသည်များ။ (ယခင်ပုံဟောင်း)
တောတောင်တွေထဲ ပုန်းခိုနေကြတဲ့ ကရင်စစ်ဘေးရှောင်ဒုက္ခသည်များ။ (ယခင်ပုံဟောင်း)


[[Zawgyi/Unicode]]

ကရင်ပြည်နယ် မြဝတီနဲ့ကော့ကရိတ်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်၊ ပြည်သူကာကွယ်ရေး PDF ပူးပေါင်းတပ်တွေကြား နှစ်ဘက်တိုက်ပွဲတွေဖြစ်နေချိန်မှာ ထိုင်းနိုင်ငံ အုန်းဖန်မြိုနယ်နဲ့ ဖွတ်ဖရမြို့နယ်တွေဘက် ပြေးလာကြ စစ်ဘေးဒုက္ခသည် ၁,၇၀၀ ကျော်ရှိနေပါပြီ။ တိုက်ပွဲဖြစ် တဲ့ပတ်ဝန်းကျင်မှာ အရပ်သားပြည်သူတွေရှိရာဘက် လက်နက်ကြီးကျည်တွေကျတဲ့နေတာကြောင့် ဒေသခံတွေ ထိန်လန့်စိုးရိမ်ပြီး ခုလို ဘေးလွတ်ရာ ပြေးနေကြတာဖြစ်ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ်နဲ့ ဖွတ်ဖရမြို့နယ်တွေထဲကို မြန်မာနိုင်ငံဘက်ကရောက်လာတဲ့ စစ်ဘေးဒုက္ခသည် ၁,၇၀၀ ကျော်ရှိနေပြီလို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဒီနေ့ ဖော်ပြကြပါတယ်။ ကရင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြတဲ့အခြေအနေကို ကရင်အမျိုးသားမီဒီယာက မန်းမျိုးမြင့်က အခုလို ပြောပြပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာတိုက်ပွဲဖြစ်တော့ အုန်းဖန်နဲ့ ဖွတ်ဖရမြို့နယ်ထဲမှာ ထိုင်းနယ်စပ်ဘက်နဲ့နီးတော့ မြန်မာစစ်ဘေးရှောင် ၁,၇၅၉ ယောက် ရောက်တယ်။ အုန်းဖန်နဲ့ ဖွတ်ဖရထဲက ရွာအသီးသီးမှာတော့ ထိုင်းတွေကတော့ စနစ်တကျ စာရင်းကောက်ထားတာရှိတယ်။ လေးတောခိုမှာ ဘယ်နှစ်ယောက်၊ ဟွေ့နမ်နာမှာ ဘယ်နှစ်ယောက်။ နောင်လိုဝမ်မှာ ဘယ်နှစ်ယောက် အဲဒီလိုပေါ့။”

ကရင်ပြည်နယ်၊ မြဝတီနဲ့ ကော့ကရိတ်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်၊ ပြည်သူကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေ ၂ ဘက်တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီဘက် က အရပ်သားတွေရှိရာဘက် လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့်အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခုလိုဘေးလွတ်ရာ ထွက်ပြေးနေကြတာဖြစ်တယ်လို့ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်အများအပြားက ပြောကြပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ ဖွတ်ဖရမြို့နယ်နဲ့ အုန်းဖန်မြို့နယ်ထဲမှာရှိတဲ့ ဘန့်ဟွေ့နမ့်နာ၊ ဘန့်စဲထာ့၊ ဘန့်နောင် လိုဝမ်၊ ဘန့်လေးတောခို့ စတဲ့ ကျေးရွာတွေဆီကို ထွက်ပြေး တိမ်းရှောင်လာကြတာဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ မြန်မာဘက်က ဝေါ်လေ၊ စုကလီ စတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်တဲ့အတွက် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်တလျောက်မှာလည်း ဒုက္ခသည် သောင်းဂဏန်းနဲ့ရှိနေပါတယ်။ ထိုင်းနိုင်ငံ မယ့်ကိုကင်းကျေးရွာနဲ့ သောင်ရင်းမြစ်သာခြားတဲ့ မြန်မာနိုင်ငံဘက် အခြမ်းမှာလည်း ဒုက္ခသည် ၃ ထောင်လောက်ရှိနေတာပါ။ ဒီစစ်ဘေးဒုက္ခသည်အတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ၊ စေတနာရှင်တွေက စားသောက်ရေး အကူအညီပေးနေကြတာ ဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို စားသောက်ရေးအကူညီပေးတဲ့ လူမူရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးဒုက္ခသည် တွေရှိတဲ့နေရာတွေဆီ အခုရက်ပိုင်း အစာအသောက်တွေ သွားရောက်ပို့ပေးလို့ မရတော့ဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို အကူညီပေးနေသူတဦးက ပြောပါတယ်။

“မဲ့ကိုကင်းရဲ့တဘက်ခြမ်း မြန်မာဘက်မှာဆိုလို့ရှိရင် ဖလူလေး တောင်ခြေ၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်ဘက်မှာ စစ်ဘေးရှောင် ၃ ထောင်လောက်ရှိတယ်။ အရင်တုန်းကတော့ အဲဒီဘက်ခြမ်းကလူတွေအတွက် စားနပ်ရိက္ခာတွေ ပို့လို့ရပေမယ့် အခုတော့ တပတ် ဆယ်ရက်လောက်ရှိပြီ၊ စားစရာတွေ သွားပို့လို့ မရဘူး။ လက်ရှိမှာက စစ်ဘေးရှောင်ဒုက္ခသည်တွေက စာစရာနဲ့ သောက်ရေတွေ လိုအပ်တယ်။ သက်ကြီးရွယ်အိုတွေအတွက် ဖျားနာတဲ့အခါ အခက်အခဲတွေဖြစ်တယ်။ ဆေးဝါးတွေ လိုအပ်ပါတယ်။ စားရေးသောက်ရေးနဲ့ သောက်ရေတွေ လိုနေကြတာ ရှိတယ်။ အခုတော့ ထိုင်းအာဏာပိုင်တွေ ထိုင်းစစ်တပ်တွေနဲ့ ညှိနှိုင်းပြီး သွားလာဖို့တော့ လုပ်နေကြပါတယ်။”

ထိုင်းနိုင်ငံနယ်စပ်နဲ့ကပ်နေတဲ့နေရာတွေအထိ တိုက်ပွဲတွေဖြစ်နေတာကြောင့် ထိုင်းဘက်ခြမ်း မဲ့ကိုကင်ကျေးရွာဘက်မှာလည်း လုံခြုံရေးတင်းကြပ်စွာ ချထားပါတယ်။ ကရင်ပြည်နယ် KNU တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေအတွင်းမှာ နှစ်ဘက်တိုက်ပွဲတွေ၊ စစ်ကောင်စီဘက်က လက်နက်ကြီးကျည်ဆံတွေ ကျရောက်နေတာတွေ၊ လေကြောင်းက တိုက်ခိုက်နေတာတွေကြောင့်ပါ ကရင်စစ်ဘေးရှောင် ၃ သောင်းလောက်အထိ ရှိနေတယ်လို့ ကရင်လူအခွင့်ရေးအဖွဲ့KHRG ကလည်းပြောဆိုထားပါတယ်။

မတ်လ ၃၁ ရက်၊ ကြာသပတေးနေ့ကပဲ မြန်မာဘက်ခြမ်း ဝေါလေနေရာနဲ့ ဥကရစ်ထ ဆိုတဲ့နေရာမှာ စစ်ကောင်စီတပ်တွေ အင်အား ၂၀၀ လောက် ထပ်မံရောက်ရှိလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ KNU ဘက်က သိမ်းယူခဲ့တဲ့ စစ်ကောင်စီရဲ့ မောခီးစခန်းကို ပြန်သိမ်းယူဖို့အတွက် စစ်ကောင်စီတပ်တွေ တိုးချဲ့ရောက် ရှိလာတာဖြစ်တယ်လို့ KNU ကပြောပါတယ်။ အဲဒီဝေါ်လေဒေသဟာ အခု စစ်ဘေးဒုက္ခသည်တွေ ခိုလှုံရောက်ရှိလာတဲ့ ထိုင်းမြန်မာနယ်စပ် ဖွတ်ဖရမြို့နယ် တဘက်ကမ်းမှာ ရှိပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]










============

XS
SM
MD
LG