သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်-မြဝတီနဲ့ မြဝတီ-ဝေါ်လေလမ်းမတွေ မသုံးဖို့ ကေအန်ယူ တပ်မဟာ ၆ သတိပေး


ကေအန်ယူတပ်ဖွဲ့ဝင်အချို့။
ကေအန်ယူတပ်ဖွဲ့ဝင်အချို့။

(Zawgyi / Unicode)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့ ကော့ကရိတ်-မြဝတီ လမ်းမကြီးနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးတွေကို ကေအန်ယူကို တိုက်ခိုက်ချေမှုန်းဖို့အတွက် စစ်ကောင်စီက ထောက်ပံ့ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေတဲ့အတွက် ယာဉ်တွေ ဖြတ်သန်းသွားလာတာ၊ ကူးသန်းရောင်းဝယ်တာတွေကို မတ်လ ၂၇ ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းထားဖို့ ကေအန်ယူ တပ်မဟာ ၆ နဲ့ ပူးပေါင်းအဖွဲ့တွေက အသိပေး ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့အတွက် လေးကေ့ကော်နဲ့ ကော့ကရိတ်မြို့ တောင်ပိုင်းမှာ တပ်စွဲ နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေ ဖယ်ရှားပေးဖို့ ကေအန်ယူ တပ်မဟာ ၆ က သတိပေးချက် ထုတ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က တပ်အင်အားတွေ တိုးချဲ့ပြီး နေရာယူလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။

ဒီအတွက် စစ်ကောင်စီဘက်က အရပ်သားတွေကို အကာအကွယ်ယူပြီး တပ်အင်အားတွေ တိုးချဲ့လာသလို စစ်ကောင်စီတပ်တွေ သွားလာလှုပ်ရှားဖို့နဲ့ ထောက်ပံ့ရေးအတွက် အသုံးပြုနေတဲ့ ကော့ကရိတ်-မြဝတီလမ်းမနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးတွေကို မတ်လ ၂၇ ရက်နေ့ကစပြီး ပြည်သူတွေ ကုန်သွယ်တာ၊ သွားလာတာတွေကို မလုပ်ဖို့အတွက် ကေအန်ယူက သတိပေးခဲ့တာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပါတယ်။

“စာကတော့ ဒီနေ့ထုတ်လိုက်ပါတယ်။ မတ်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်တာပါ။ အဲဒါကတော့ ကော့ကရိတ်-မြဝတီလမ်းနဲ့ မြဝတီ-ဝေါ်လေလမ်းကို ပိတ်ထားလိုက်ပြီ။ စစ်ဖြစ်တဲ့အချိန်အခါဖြစ်လို့ မသွားသင့် မလာသင့်တဲ့လမ်းလို့ နားလည်ရမယ်။ စစ်ကောင်စီက အရပ်သားတွေ အကာအကွယ်ယူပြီး စစ်မြေပြင်မှာ လုပ်ချင်သလို လုပ်နေတာ ရှိတယ်။ ထောက်ပံံ့ရေးမှာလည်း စစ်တပ်ပိုင်ကားတွေကို မသုံးဘဲ အရပ်သားကားတွေကို အသုံးပြုနေတာလည်း ရှိတယ်။ ဒီလို စစ်ဖြစ်နေတဲ့ အချိန်အခါမှာ စစ်အာဏာရှင် ကျဆုံးရေးအတွက် ပြည်သူလူထုအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အများကြီး လိုအပ်ပါတယ်။”

ဒီလမ်းမကြီးတွေကို အသုံးပြုကာ ပြည်သူလူထုကြီးအား အကာအကွယ်ယူပြီး ကေအန်ယူရဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းကို စစ်ကောင်စီဘက်က တပ်အင်အားတွေ ပို့နေတယ်လို့ ကေအန်ယူက ဆိုပါတယ်။ ဒါကြောင့် တပ်မဟာ ၆ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။ ဒီအတွက် ကေအန်ယူဘက်က နည်းပေါင်းစုံနဲ့ စစ်ကောင်စီကို တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်က ဒီရက်ပိုင်းမှာပဲ အပစ်အခတ် ရပ်စဲရေးအတွက် စာပို့လာပေမယ့် တဖက်မှာလည်း တပ်အင်အားတွေ တိုးချဲ့ပြီး မြေပြင်ကရော လေကြောင်းကပါ ကေအန်ယူကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်လို့လည်း ဖဒိုစောတောနီးက ပြောပါတယ်။

“နယ်လုံဝန်ကြီး မျိုးမင်းနောင်က ကျနော်တို့ကို အပစ်အခတ် ရပ်စဲရေးအတွက် စာပို့လာတယ်။ အပစ်အခတ်ရပ်စဲရေး စာပို့လာတဲ့ တချိန်တည်းမှာပဲ ကျနော်တို့ဆီကို တပ်အလုံးအရင်းနဲ့ စေလွှတ်တဲ့အတွက် ကျနော်တို့က တန်ပြန်ဖို့ လိုအပ်လာတယ်။ အဲဒီအတွက် သက်ရောက်မှုက အဲဒီလို ဖြစ်သွားတာလို့ ပြောလို့ရပါတယ်။ တပ်ကူစေလွှတ်တဲ့ အပိုင်းမှာတော့ မောခီးစခန်းကို ပြန်ရယူသိမ်းပိုက်ဖို့ ကြိုးစားလာတဲ့အတွက် အင်အားအလုံးအရင်းနဲ့ တက်လာတယ်။ အဲဒီတော့ တိုက်ပွဲကတော့ တောက်လျှောက်ဖြစ်နေတယ်။”

ကေအန်ယူရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တုံ့ပြန်တာ မရှိသေးပါဘူး။

စာထုတ်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတော့ KNLA အမှတ် ၁၈ တပ်ရင်း၊ အမှတ် ၂၇ တပ်ရင်း၊ အမှတ် ၂၀၁ တပ်ရင်း၊ အမှတ် ၁၀၃ တပ်ရင်း၊ တပ်မဟာစစ်ကြောင်း၊ KNDO တပ်ရင်း ၆ နဲ့ KNDO ဗဟိုလုံခြုံရေးတပ်ရင်း၊ အမှတ် ၁၆ တပ်ရင်း၊ အမှတ် ၁၇ တပ်ရင်းနဲ့ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေဖြစ်ပြီး ဒီလမ်းတွေမှာ ကုန်တွေရော လူတွေပါ သွားလာတာတွေ မလုပ်ဖို့အတွက် ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ပြည်သူလူထုကို မေတ္တာရပ်ခံခဲ့တာပါ။

မတ်လ ၁၂ ရက်နေ့တုန်းကလည်း ကော့ကရိတ်-မြဝတီ ကားလမ်းပေါ်မှာ ကုန်ကားတွေ ပစ်ခတ်မီးရှို့တာ ခံခဲ့ရပြီး ၃ ရက်ခန့် ယာဉ်အသွားအလာတွေ ပိတ်ခဲ့ရပါတယ်။

---------------------------

(Unicode)












XS
SM
MD
LG