သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU တပ်မဟာ (၆) က စစ်ကောင်စီတပ်ရုပ်ဖို့အသိပေးတဲ့ကြားက တပ်တွေ ပိုတိုးချနေ


ကေအဲန်ယူတပ်မဟာ ၆ နယ်မြေထဲ တပ်တွေတိုးချလာနေတာကြောင့် စစ်ရှောင်ဒုက္ခသည်တွေ အိမ်မပြန်နိုင်သေးကြောင်း ကေအဲန်ယူပြောခွင့်ရက ပြောပါတယ်။  မြန်မာစစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ကရင်ဒုက္ခသည်များ (ယခင်ပုံဟောင်း) (ဓာတ်ပုံ - KNU )
ကေအဲန်ယူတပ်မဟာ ၆ နယ်မြေထဲ တပ်တွေတိုးချလာနေတာကြောင့် စစ်ရှောင်ဒုက္ခသည်တွေ အိမ်မပြန်နိုင်သေးကြောင်း ကေအဲန်ယူပြောခွင့်ရက ပြောပါတယ်။  မြန်မာစစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ကရင်ဒုက္ခသည်များ (ယခင်ပုံဟောင်း) (ဓာတ်ပုံ - KNU )

[[Zawgyi/Unicode]]

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြဝတီခရိုင်( ဒူးပလာယာခရိုင်) လေးကေ့ ကော်ဒေသနဲ့ ကော့ကရိတ်မြို့ တောင်ပိုင်းမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေကို ဒီနေ့ မတ်လ ၁၁ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ အသိပေးထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ် တွေက မဆုတ်ခွါတဲ့အပြင် ၃ ရက်အတွင်း မြဝတီခရိုင်ထဲကို တပ်တွေ ပိုတိုးရောက်လာတယ်လို့ KNU ဘက်ကပြောပါတယ်။ အဲဒီလိုအခြေအနေကြောင့် တိုက်ပွဲဖြစ်မယ့်အလားအလာများနေတယ်လို့ KNU ဘက်ကပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြဝတီခရိုင် (ဒူးပလာခရိုင်)၊ လေးကေ့ ကော်နဲ့ ကောကရိတ်မြို့တောင်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားပြီး မကြာခန တိုက်ပွဲတွေဖြစ်နေတာပါ။ တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်ဆံတွေ ကျေးရွာတွေထဲ ကျတဲ့ အတွက် ဒေသခံတွေ သေဆုံးဒဏ်ရာရကြသလို နေအိမ်တွေကို စွန်ခွာထွက်ပြေးနေရပါတယ်။ ဒါကြောင့် ကေအန်ယူတပ်မဟာ (၆) က တာဝန်ရှိသူတွေက စစ်ကောင်စီတပ်တွေ ၃ ရက်အတွင်း ဖယ်ရှားဖို့ တောင်းဆိုထားပေမယ့် ၃ ရက်ပြည့်တဲ့ ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာတော့ စစ်ကောင်စီ ဘက်က တပ်တွေတိုးချဲ့ ရောက်လာတယ်လို့ KNU ကပြောပါတယ်။ လက်ရှိအခြေအနေအရ တိုက်ပွဲတွေဖြစ်လာမယ့် အလားအလာများနေတယ်လို့ KNUရဲ့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပြပါတယ်။

“မနက်တုန်းက ၈ နာရီလောက်က တပ်တွေအများကြီးတိုးလာတယ်ပြောတယ်။ ဘယ်လောက်ထိ တိုးလာလဲဆိုတာတော့ ပြောမရသေးဘူး။ မဆုတ်ခွါတဲ့အပြင် တပ်တွေတိုးလာတယ်။ နောက်ပြီးတော့ ဝန်တင်မြင်းတွေ လားတွေလည်း ပါတယ်။ နယ်မြေထဲ ကျွံဝင်လာပြီဆိုရင်တော့ တိုက်ပွဲတွေဖြစ်ဖို့ကတော့ အလားအလာ အများကြီးရှိတယ်။”

မတ်လ ၉ ရက်နေ့ကစလို့ ၃ ရက်အတွင်း စစ်ကောင်စီတပ်တွေ ဖယ်ရှားပေးဖို့ KNU ဘက်က တောင်းဆိုပြီးတဲ့နောက်မှာလည်း စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်လို့ ပြောပါတယ်။

“ပြောပြီးတာနဲ့ လေယာဉ်နဲ့လည်း ရောက်လာတယ်။ ပစ်တာကတော့ ပျံလာတဲ့အချိန်မှာပစ်ချတယ် ဟိုး မြဝတီမြို့စွန်နားမှာလည်း တလုံးကျတယ်။ အဲဒီလေယာဉ်မတိုင်ခင်ကလည်း သုံးလေး ငါးရက် ကတည်းက တိုက်ပွဲက ကြို့ ကြားဖြစ်နေတာပါ။”

လေးကေ့ကော်ဒေသနဲ့ အနီးတဝိုက်ကျေးရွာပေါင်း ၁၀ ရွာကျော်က စစ်ပြေးဒုက္ခသည်တွေဟာ သောရင်းမြစ်ကမ်းတလျှောက်နဲ့ တောတောင်တွေထဲ ပုန်းခိုနေကြရတာ ၃ လလောက်ရှိနေပြီဖြစ်ပေမဲ့ နေရပ်လည်း မပြန်ရဲကြသေးပါဘူး။ သူတို့ရွာတွေနား၊ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မပြန်ရဲကြတာဖြစ်ပါတယ်။ အခုထပ်ပြီး စစ်တပ်ဘက်က အင်အားတွေ တိုးချဲ့နေတဲ့အတွက် ဒုက္ခသည်တွေ တောတောင်တွေထဲ ဆက်လက်နေထိုင်ရမယ့် အခြေအနေရှိနေတယ်လို့လည်း ဖဒိုစောတောနီးက ပြောပါတယ်။

“ဒီအတိုင်းဆိုရင်တော့ စစ်ဘေးရှောင်တွေအနေအထားက ပြန်ဖို့ အလားအလာမသေချာဘူး။ လက်ရှိပြေးလွှားနေတဲ့နေရာတွေမှာပဲ နေကြရအုန်းမယ်။ ပြန်လာလို့ မရသေးဘူး။”

ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့သလို ကော့ကရိတ်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေတာပါ။ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေအပါအဝင် တပ်မဟာအသီးသီးမှာ တိုက်ပွဲတွေဖြစ်လာတဲ့အတွက် ကရင်ပြည်နယ်အတွင်းမှာ ဒုက္ခသည်နောက်ထပ် ၇ သောင်းလောက် တိုးလာတယ်လို့လည်း ကေအန်ယူဘက်က သတင်းထုတ်ပြန်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]









==================

XS
SM
MD
LG