သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ မိုင်းလားမှာဆွေးနွေး


မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဖို့ မိုင်းလားရောက်ရှိ (မေ ၃၀၊၂၀၂၃)
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဖို့ မိုင်းလားရောက်ရှိ (မေ ၃၀၊၂၀၂၃)

တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့ တို့ မိုင်းလားမြို့မှာ ဒီကနေ့တွေ့ဆုံပြီး၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ ထူးခြားတဲ့ ရလဒ်ထွက်ပေါ်နိုင်မယ့် အလားအလာတွေ အပေါ်မှာတော့ အကဲခတ်တွေက သံသယရှိနေကြတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး မခင်ဖြူထွေး ပြောပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့ ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ မိုင်းလားမြို့မှာ ဒီကနေ့တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးမှုတွေနဲ့ပတ်သတ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ခုလိုပြောပြပါတယ်

အဓိက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်တာတော့ ကျနော်တို့ ယခင်ကအတိုင်း မူဝါဒအဖြစ် ရပ်တည်ခဲ့တဲ့ (၁) ကျွန်တော်တို့ နိုင်ငံ ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာစေရေး။ (၂) ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး ကိစ္စ ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်။ ပြီးရင်တော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက် နိုင်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်။ ပြီးရင်တော့ ယုံကြည်မှု တည်ဆောက်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်။ အဲ့ ဟိုဘက်ကတော့ ကျွန်တော်တို့ ဒီနေ့ အဓိကထားပြီး ပြောကြားခဲ့တာတော့ ဒီဖမ်းဆီးထားတဲ့ သူတွေ ပြန်လည် လွတ်မြောက်ရေးကိစ္စတို့၊ မတရားအသင်းကနေ ပယ်ဖျက်ရေးကိစ္စတို့ ဒါတွေ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ခြုံငုံ သုံးသပ်ရရင်တော့ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပါတယ်။ ပြီးရင် ဆက်လက် တိုးတက် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နောက်ရက်တွေမှာလည်း ဆက်လက်ဆွေးနွေးနိုင်ဖို့ သဘောတူခဲ့ ကြပါတယ်။

စစ်ကောင်စီဘက်က ဗိုလ်ချုပ်ရာပြည့်ဦးဆောင်တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖက်က သဘောထားကိုတော့ မသိရသေးပါဘူး။ ဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန်လည်း မိုင်းလားကို ရောက်နေတာပါ။ ဒီဆွေးနွေးပွဲမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ဆွေးနွေးလဲဆိုတာကိုတော့ နှစ်ဘက်စလုံးထုတ်ပြောတာမရှိခဲ့ပါဘူး။

ဆွေးနွေးပွဲမတိုင်ခင်မှာပဲ တရုတ်ဗဟိုစစ်ကော်မရှင် ပူးတွဲစစ်ဦးစီးဌာန စစ်ထောက်လှမ်းရေးဌာန ယာယီညွှန်ကြားရေးမှုးချုပ် ဗိုလ်ချုပ် ယန်ယန် ဟာ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တာရှိခဲ့ပါတယ်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဖို့ မိုင်းလားရောက်ရှိ (မေ ၃၀၊၂၀၂၃)
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဖို့ မိုင်းလားရောက်ရှိ (မေ ၃၀၊၂၀၂၃)

တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုနဲ့ ပေါ်ပေါက်လာတဲ့ ဆွေးနွေးပွဲအပေါ် တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့အရေးအကဲခတ် ဒေါက်တာလှကျော်ဇောကတော့ အခုလို သုံးသပ်ပါတယ်။

စစ်တပ်ဘက်ကတော့ တစုံတရာ သူ့မှာအခက်အခဲအကြပ်အတည်းတော့ ရှိနေပြီထင်တယ်။ ဒါကြောင့်မလို့ သူက ပါတီစုံတို့၊ ဖက်ဒရယ်တို့၊ ဘာတို့ ညာတို့ ပြောလာတာဖြစ်တာကိုး။ သူပြောတာက သူတို့ရဲ့စစ်အာဏာရှင်စနစ်ကို ရေရှည်တည်တံ့ဖို့အတွက် နည်းပရိယာယ်အဖြစ်သုံးတာပဲ။ တသက်လုံးလည်း သူတို့ ဒီလိုပဲ သုံးလာတာလေ။ ဘယ်တုန်းကမှ ယုံရတာမှမဟုတ်ဘဲ။ ဒါပေမယ့် ဒါကို ကျွန်မတို့က တတ်နိုင်သမျှ ကိုယ့်တော်လှန်ရေးအတွက် အကျိုးရှိအောင် သုံးလို့ရပါတယ်။

အခုနက ခင်များပြောလို့.. နွေဦးတော်လှန်ရေးတို့ ဘာတို့.. ဒီအဖွဲ့တွေက လက်ခံထားတာတွေရှိပါတယ်။ အဲတော့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြဖို့ပဲဗျ။ တနည်းနည်းနဲ့ ဖိအားပေးတာပေါ့။ ဒါ ကျွန်မတို့က သွားပြီး ဆွေးနွေးတဲ့သူတွေကိုလည်း အပြစ်ပြောစရာမလိုဘူးလေ။ ဆွေးနွေးတဲ့သူလည်း ဆွေးနွေး၊ တိုက်တဲ့သူက တိုက်ပေါ့။ အခုစစ်တပ်က တော်တော်အခြေအနေဆိုးနေပုံရတယ်ဗျ။ တော်တော်ယိမ်းယိုင်သွားပါလိမ့်မယ်။ အဲဒါကို ကျွန်မတို့ဘက်က အခွင့်ကောင်းယူပြီး ဆက်လုပ်ဖို့ရှိတာပါ။

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ဟာ စစ်တပ်နဲ့ တိုက်ခိုက်မှုတွေ ရပ်ထားပေမဲ့၊ တအန်းလက်နက်ကိုင်အဖွဲ့နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေကတော့ မြန်မာစစ်တပ်အကြားမှာတော့ တိုက်ပွဲတွေ ကြိုကြား ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အခု ဆွေးနွေးပွဲဟာ စစ်ကောင်စီအုပ်ချုပ်မှုအတွင်း ပထမဆုံး တွေ့ဆုံတာဖြစ်တဲ့အတွက် ထူးခြားတယ်ဆိုပြီး နိုင်ငံရေးအကဲခတ်တွေ ဗွီအိုအေကို ပြောပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်ရေး ဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အဓိက ကျတာကြောင့် လက်နက်ကိုင်တိုက်ပွဲတွေ မပေါ်ပေါက်ရေးကို တရုတ်က အထူးအလေးထားပုံရတယ်လို့ မြန်မာ့အရေး အကဲခတ်တွေ သုံးသပ်နေပါတယ်။ စစ်ကောင်စီဘက်ကတော့ မြောက်ပိုင်းဒေသ တည်ငြိမ်ရေးအပြင် စစ်တပ်ကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မပူးပေါင်းရေး၊ စစ်ရေးလှုပ်ရှားမှုတွေမှာ မပါဝင်ရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေ ခန့်မှန်းတွက်ဆထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG