သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးလမ်းကြောင်း တိုးချဲ့ရေး တရုတ်၊ မြန်မာဆွေးနွေး


မြန်မာ-တရုတ် စီးပွားရေးကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနား (မေ ၂၅၊ ၂၀၂၃)
မြန်မာ-တရုတ် စီးပွားရေးကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနား (မေ ၂၅၊ ၂၀၂၃)

တရုတ်-မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး လမ်းကြောင်းသစ်လို့ နာမည်ပေးထားတဲ့ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်နဲ့ မြန်မာ၊ အိန္ဒိယသမုဒ္ဒရာ ချိတ်ဆက်မဲ့ လမ်းကြောင်းသစ်အတွက် တရုတ်-မြန်မာ တာဝန်ရှိသူတွေ မေလကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အခုနှစ်ထဲမှာ ဒီကုန်သွယ်ရေး လမ်းကြောင်းသစ်ကနေ ကုန်သေတ္တာအလုံးရေ ၁၀,၀၀၀ တင်ပို့နိုင်ဖို့ မျှော်လင့်ထားတယ်လို့ တရုတ်အစိုးရအာဘော် ယူနန်သတင်းစာက ဖော်ပြခဲ့ပေမဲ့ ကုန်သည်တွေကြား သံသယတွေလည်း ရှိနေကြတာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းဆောင်းပါးကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

ကုန်သွယ်ရေး လမ်းကြောင်းဆိုင်ရာ ကိစ္စတွေကို အရှိန်မြှင့်တင်ဖို့ မေလ ၂၈ ရက်နေ့က အဆုံးသတ်ခဲ့တဲ့ ၄ ရက်ကြာ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ-တရုတ် စီးပွားရေးကုန်စည်ပြပွဲမှာ လင်ချန်းခရိုင် မြို့တော်ဝန်နဲ့ မြန်မာအာဏာပိုင်တွေ ဆွေးနွေးခဲ့ကြတာပါ။ တရုတ်ဘက်က လင်ချန်း-မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး လမ်းကြောင်းကို စိတ်ဝင်တစားရှိကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်က ဗွီအိုအေကို ပြောပါတယ်။

" Transit trade သဘောမျိုးပေါ့၊ အဲလိုမျိုး သူတို့က လုပ်ချင်တာပေါ့၊ ဒီလမ်းကြောင်းကြီးကိုပေါ့နော်။ လုပ်ချင်တယ်၊ ရည်ရွယ်တယ်။ ဒါပေမဲ့ အခုကတော့ မဖြစ်သေးဘူးပေါ့နော် infrastructure တွေက အများကြီး လိုဦးမှာလေ။ သူတို့ရဲ့ စဉ်းစားတဲ့ concept ပေါ့နော်။ သူတို့ရည်ရွယ်ထားတဲ့ မျှော်မှန်းချက်ပေါ့ အဲလိုမျိုးရှိတယ်။ ဒါကြောင့် transit trade ဆိုတာ ဟို ဥရောပတို့ဘာတို့လည်း ဒီလိုပဲ တနိုင်ငံနဲ့တနိုင်ငံ ဖြတ်ပြီးတော့မှသွားတာ။"

တရုတ်ကုန်သွယ်ရေးလမ်းကြောင်း ဖြတ်သန်းသွားတဲ့ မြန်မာနိုင်ငံအနေနဲ့ ဖြတ်သန်းခတွေ၊ တခြား ဝန်ဆောင်မှုတွေ ရောင်းချတာကနေ အကျိုးအမြတ် ရရှိနိုင်တယ်လို့ သူကပြောပါတယ်။

လင်ချန်းခရိုင် တာဝန်ရှိသူတွေက ဒီလို ကုန်သွယ်ရေးအရှိန်မြှင့်တင်ဖို့ မြန်မာနဲ့ဆွေးနွေးနေပေမဲ့ လင်ချန်းနဲ့ မြန်မာချင်းရွှေဟော် နယ်စပ်ဂိတ်မှာတော့ ကုန်သွယ်ရေး မညီမျှမှုတွေ ရှိနေပါတယ်။ မြန်မာဘက်က တရုတ်လိုအပ်တဲ့ အခြေခံ စားသောက်ကုန်ကလွဲလို့ ဘာမှတင်ပို့လို့ မရပါဘူး။ အရင်က အပြန်အလှန် ပို့ကုန်၊ သွင်းကုန် လုပ်လို့ရပေမဲ့ အခုတော့ လင်ချန်းခရိုင်နဲ့ ကုန်သွယ်မှုက တဖက်စောင်းနင်း ဖြစ်နေတယ်လို့ လင်ချန်း-မြန်မာကုန်သည်အသင်း တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

" ကုန်သွယ်ရေးလမ်းကြောင်းက ဒီဘက် (ချင်းရွှေဟော်- လင်ချန်း) မှာတော့ ကျနော်တို့ ဗမာပစ္စည်းဆို ဘာမှပေးမဝင်ဘူး။ တရုတ်ပစ္စည်းဆို ဗမာပြည်ဘက် ကြိုက်သလောက်ဝင် ဖွင့်ထားတယ်။ တချို့ဆို ဆီ၊ ဗမာပြည်မှာ ရောင်းနေတဲ့ဆီ စားဆီပေါ့ အနီးစပ်ဆုံး၊ ဘယ်နိုင်ငံက လာမှန်းကိုမသိဘူး၊ ဘယ်နားက လာမှန်းလည်းမသိ၊ သူတို့နိုင်ငံမှာတော့ မသုံးရဘူး။ တချို့ ကလေးတွေစားတဲ့ ပစ္စည်းတွေဘာတွေ သူတို့နိုင်ငံမှာကြ ပေးမစားဘူးဗျာ။ အတုမှန်သမျှ အကုန်သွင်းတယ် အဲလိုပဲပြောရမယ်။ ဗမာကလည်း လက်ဖက်ရည်ဖိုးလေးပေးရင် ဖွင့်ပေးတာပဲ။ အခုလောလောဆယ် ဒီဘက်မှာဖြစ်နေတဲ့ ပြဿနာက အိတ်တချို့တောင် ပေးမလွယ်ဘူး။ အဲဒါကတော့ တဖက်နိုင်ငံရဲ့ ချမ်းသာတဲ့နိုင်ငံဆိုတော့ သူတို့အသာစီးပေါ့။"

တရုတ်အစိုးရဟာ ရှမ်းပြည်နယ် မူဆယ်မြို့ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာဘက်ကိုထွက်ဖို့ ရည်ရွယ်ထားတာပါ။ အဲဒီ စီးပွားရေးစင်္ကြန် စီမံကိန်းနဲ့ ထပ်ပြီးချိတ်ဆက်ဖို့ တရုတ်ယူနန်ပြည်နယ် လင်ချန်းခရိုင်ဘက်က ကြိုးစားလာတာ ဖြစ်ပါတယ်။ အဲဒီလမ်းပိုင်းကို ကုန်သွယ်ရေး လမ်းကြောင်းသစ်လို့ နာမည်ပေးထားပြီး မြန်မာ ချင်းရွှေဟော် နယ်စပ်ဂိတ်နဲ့ ချိတ်ဆက်ဖို့ ၂၀၂၀ လောက်ကတည်းက ရထားလမ်း တည်ဆောက်နေတာပါ။ ချင်းရွှေဟော်နယ်စပ်ကနေ လားရှိုးကိုဖြတ်ပြီး မူဆယ်- ကျောက်ဖြူလမ်းပိုင်းနဲ့ ပြန်ပြီး ချိတ်ဆက်ဖို့ ရည်ရွယ်ထားတာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းနဲ့ မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မေလ၂ရက်က နေပြည်တော်မှာ တွေ့ဆုံကြပါတယ်။ မြန်မာ့ဖွံ့ဖြိုးရေးအတွက် အကူအညီတွေ ဆက်ပြီး ပေးသွားမယ်လို့ မစ္စတာချင်ကန်းက ပြောခဲ့တာပါ။ အဓိကကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေထဲက တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်စီမံကိန်း၊ စိုက်ပျိုးရေး၊ ပညာရေးနဲ့ ကျန်းမာရေး ဒါတွေကိုလည်း တရုတ်က အကူအညီပေးသွားမယ်လို့ မစ္စတာချင်ကန်းက ပြောဆိုခဲ့ကြောင်း တရုတ်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Qin Gang အား လက်ခံတွေ့ဆုံစဥ်။ (တပ်မတော်သတင်းမှန်ပြန်ကြားရေး မေ - ၂၊ ၂၀၂၃)
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Qin Gang အား လက်ခံတွေ့ဆုံစဥ်။ (တပ်မတော်သတင်းမှန်ပြန်ကြားရေး မေ - ၂၊ ၂၀၂၃)

ဒါဟာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ရဲ့ အမြင့်ဆုံးအရာရှိတဦး ပထမဆုံးအကြိမ် ရောက်လာခဲ့တာပါ။ အမေရိကန် ငြိမ်းချမ်းရေး သုတေသနဌာနတခုဖြစ်တဲ့ USIP ရဲ့ မေလ ၁၈ရက် ထုတ်ပြန်ချက်မှာတော့ တရုတ်ဟာ မြန်မာပြည်တွင်းစစ်ကို ထပ်ပြီး ခေါင်းရှောင်တော့မှာ မဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်။ အဓိကတော့ တော်လှန်ရေး အင်အားစုတွေကို အကူအညီပေးနေတဲ့ တရုတ်နယ်စပ်က အင်အားကြီး လက်နက်ကိုင်၇ဖွဲ့ FPNCC ကို ဖိအားပေးတာ၊ ဆွေးနွေးတာတွေ ရှိလာတာပါ။

တရုတ်ရဲ့ ဖိအားတွေက FPNCCရဲ့ အကူအညီတွေကို ကန့်သတ်ဖို့၊ တရုတ် အကျိုးအမြတ်တွေရှိတဲ့ နေရာတွေမှာ တည်ငြိမ်သွားအောင် မြန်မာစစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းရေးဆီ တွန်းပို့ဖို့ ဒါတွေကို ရည်ရွယ်ထားကြောင်း USIP က သုံးသပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG