သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အထူးကိုယ်စားလှယ်ရဲ့တရုတ်ခရီးစဉ် ကုလထုတ်ပြန်


မြန်မာဆိုင်ရာကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း တို့ ဘေဂျင်းမြို့မှာ တွေ့ဆုံစဥ်။ (မေ ၁၊ ၂၀၂၃)
မြန်မာဆိုင်ရာကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း တို့ ဘေဂျင်းမြို့မှာ တွေ့ဆုံစဥ်။ (မေ ၁၊ ၂၀၂၃)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ (Noeleen Heyzer) ဟာ မေလ ၁ ရက်နေ့ကနေ ၂ ရက်နေ့ တရုတ်ပြည်ကိုသွားရောက်ခဲ့ပြီး တရုတ်အစိုးရအတိုင်ပင်ခံလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ချင်ဂန်း (Qin Gang) နဲ့တွေ့ဆုံခဲ့သလို အာစီယံဆိုင်ရာ တရုတ်နိုင်ငံခြားရေးဌာန အထူးကိုယ်စားလှယ် Deng Xijun တို့နဲ့တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ Farhan Haq က ဗုဒ္ဓဟူးနေ့တုန်းက ကုလသမဂ္ဂအဆောက်အဦးမှာ သတင်းထောက်တွေကိုအခုလို ပြောခဲ့ပါတယ်။

“အထူးကိုယ်စားလှယ် ဟေဇာဟာ မြန်မာနိုင်ငံက လက်ရှိပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံတကာက တုံ့ပြန်ဆောင်ရွက်နေတာတွေကို ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ မြန်မာပြည်တွင်းအခြေအနေတွေ တည်ငြိမ်လာဖို့ကိစ္စမှာ သြဇာရှိတဲ့အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ဒေသတွင်းနိုင်ငံတွေက တစုတစည်းတည်း ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုအပ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ဆွေးနွေးခဲ့ကြောင်း၊ ပြောခွင့်ရ Farhan Haq က သတင်းထောက်တွေကို ပြောသွားခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ တွေ့ဆုံခဲ့တဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ မြန်မာနိုင်ငံကိုမေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ရောက်ရှိနေပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနွေးခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်ဆိုပေမယ့် အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ အဲဒီနောက် မေလ ၃ ရက်နေ့မှာ နိုင်ငံရေးအမှုနဲ့ဖမ်းဆီးထားသူ ၂,၀၀၀ ကျော်ကို စစ်ကောင်စီက လွှတ်ပေးခဲ့ပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ ဧပြီလ နောက် ဆုံးပတ်အတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာလည်း မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းရေးကိုဆွေးနွေးတိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG