သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံ (မေ ၁၊ ၂၀၂၃)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံ (မေ ၁၊ ၂၀၂၃)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဒီကနေ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြကြောင်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။ ပဋိပက္ခတွေ ကြီးထွားလာပြီး၊ ပြဿနာ ပျံ့နှံ့မလာအောင် အမျှော်အမြင်ရှိရှိ၊ လက်တွေ့ကျကျ လုပ်ဖို့လိုတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီး Qin Gang က ပြောခဲ့ကြောင်းလည်း သတင်းက ကိုးကား ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဖို့၊ သက်ဆိုင်သူတွေ ဆွေးနွေးပြောဆိုဖို့၊ စာနာမှုအကူအညီတွေ ပေးဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တာဝန်တွေကို အကောင်အထည် ဖော်နိုင်ရေး ကိစ္စတွေအပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းမှုတွေကို နိုင်ငံတကာက လေးစားဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး အာဆီယံက ဘုံသဘောတူညီချက်တွေ ချမှတ်ထားပေမဲ့ မြန်မာစစ်အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် တိုးတက်မှု မရှိဘူးဆိုပြီး ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ အနောက်နိုင်ငံတွေက ဝေဖန်နေကြတာပါ။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ မြန်မာ့အရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံက သက်ဆိုင်သူတွေ ဦးဆောင်ပြီး မြန်မာပြည်သူတွေ ဆန္ဒနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးဖြေရှင်းမှုတွေကို ကုလသမဂ္ဂက အားပေးကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဆွေးနွေးမှုတွေဟာ အတိတ်က ဖြစ်ခဲ့တာတွေကို မပြင်နိုင်ပေမဲ့၊ အနာဂတ်အတွက် အပြောင်းအလဲတွေကို ဆောင်ကျဉ်းနိုင်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောဆိုခဲ့တယ်လို့လည်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြခဲ့ပါတယ်။ တနင်္လာနေ့က တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကတော့ လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG