သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ လူသားချင်းစာနာမှုအကျပ်အတည်း ကြုံနေရ (ကုလ အထူးကိုယ်စားလှယ်)


Noeleen Heyzer, Special Envoy of the Secretary-General on Myanmar, briefs reporters at UN Headquarters. မတ်လ(၁၆ ရက် ၂၀၂၃) (Photo: Screenshot UN TV)
Noeleen Heyzer, Special Envoy of the Secretary-General on Myanmar, briefs reporters at UN Headquarters. မတ်လ(၁၆ ရက် ၂၀၂၃) (Photo: Screenshot UN TV)

=== [[ ZAWGYI ]] ===

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ လူသားချင်းစာနာမှုအကျပ်အတည်း ကြုံနေရ (ကုလအထူးကိုယ်စားလှယ်)

မြန်မာနိုင်ငံမှာ သိပ်ကြီးမားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့အတွက် ထိရောက်တဲ့ နည်းလမ်းတွေသုံး ဖြေရှင်းကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က ကုလသမဂ္ဂမှာ ပြောဆိုပါတယ်။

"မြန်မာနိုင်ငံမှာ ကြုံနေရတာက သိပ်ကိုကြီးမားတဲ့ လူသားစာနာမှု အကျပ်အတည်းဖြစ်ပါတယ်။ ကြုံနေရတဲ့ ပြဿနာကလည်း ဘက်ပေါင်းစုံကပါ။ နိုင်ငံရေးအကျပ်အတည်း၊ လူ့အခွင့်အရေး အကျပ်အတည်း၊ လူသားစာနာမှုဆိုင်ရာအပြင် လူမှုစီးပွားအကျပ်အတည်းတွေကိုပါ ကြုံနေရပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဘာလုပ်သင့်သလဲ ဆိုတော့ လူသားစာနာမှု အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို အထိရောက်ဆုံးနည်းလမ်းနဲ့ ကူညီဖြေရှင်းသွားနိုင်ဖို့ဖြစ်ပါတယ်။"

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြာသာပတေးနေ့က အစီရင်ခံစာ တင်ပြပြောဆိုပြီးတဲ့နောက်၊ ညီလာခံအထွက်မှာ သတင်းထောက်တွေကို ခုလို ပြောဆိုတာပါ။

အခုအချိန်မှာ လူသားစာနာမှုအကူအညီ လိုအပ်နေသူတွေအတွက် ဒေသတွင်း တိုက်ပွဲတွေကြောင့် အကူအညီတွေ ရောက်ဖို့ ခက်ခဲနေပြီး၊ ဒီအကူအညီတွေရောက်အောင် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး အသုံးပြုသွားဖို့ကိုလည်း ကုလကိုယ်စားလှယ်က တိုက်တွန်းပါတယ်။ ဒေသတွင်းက အုပ်ချုပ်ရေးအဖွဲ့တွေကတဆင့် ကူညီတာရှိသလို၊ ဒေသတွင်းလူသားချင်းစာနာကူညီမှု အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့လည်း သူက အကြံပြုပါတယ်။

မြန်မာနိုင်ငံကိုတော့ အဓိပ္ပါယ်ရှိတဲ့ သွားရောက်မှုမျိုး ဖြစ်မလာသရွေ့ ပြန်သွားမှာ မဟုတ်ဖူးလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံ လက်ရှိ လျှောက်နေတဲ့လမ်းကြောင်း အပြောင်းအလဲ မဖြစ်သရွေ့ သွားမှာ မဟုတ်ပေမယ့်၊ လက်လျှော့မှာတော့ မဟုတ်ဖူးလို့လည်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတာ ၃ နှစ်ထဲ ရောက်လာနေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဟာ အဆိုးဆုံးအခြေနေကို ရောက်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုတွေကြားကပဲ နိုင်ငံတလွှားမှာ ပြည်သူတွေက အကြမ်းမဖက်တဲ့နည်းနဲ့ရော လက်နက်စွဲကိုင်တဲ့နည်းနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် ခုခံတွန်းလှန်နေကြဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူကိုယ်စားလှယ် Noeleen Heyzer က မနက်ခင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြခဲ့ကြောင်းလည်း ကုလအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ ကုလရုံးချုပ်သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။

စစ်တပ်က ဖြတ် ၄ ဖြတ်စနစ်နဲ့ ပိတ်ဆို့နေတာဟာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးအောင် တွန်းပို့သလိုဖြစ်နေကြောင်းနဲ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေကို ရွေးကောက်ပွဲက ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း အထူးကိုယ်စားလှယ်က ထောက်ပြသွားခဲ့တယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===










XS
SM
MD
LG