သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနယ်စပ်သွားရောက်


(ယခင်ပုံဟောင်း) သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (မတ် ၇၊ ၂၀၂၃)
(ယခင်ပုံဟောင်း) သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (မတ် ၇၊ ၂၀၂၃)

တရုတ်-မြန်မာ နယ်စပ်ကို ရှားရှားပါးပါးခရီးစဉ်အဖြစ် ဒီကနေ့ အင်္ဂါနေ့မှာ ရောက်ရှိလာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (ချင် ဂန်)ဟာ မြန်မာနဲ့ နယ်နိမိတ်တလျှောက် တည်ငြိမ်မှုရှိရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းရေး တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီး ချင်ဂန်ဟာ သူ့ရဲ့ နယ်စပ်ခရီးစဉ်အတွင်း ဒေသဆိုင်ရာ ကွန်မြူနစ်ပါတီနဲ့ အစိုးရဌာနတွေ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ရဲတပ်ဖွဲ့ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး နယ်စပ်ကာကွယ်ရေး စနစ် အားကောင်းအောင် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားတဲ့ နယ်စပ်မျဉ်းတလျောက် တောတောင်ထူထပ်နေတဲ့ ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံ နယ်စပ်ထိစပ်နေတဲ့ ရွှေတြိဂံဒေသကနေ တရုတ်နိုင်ငံဘက်ကို မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒေသဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ခန့်မှန်းနေကြတဲ့ မြန်မာနိုင်ငံ ခရီးစဉ် စတင်ဖို့ ရှိနေချိန်မှာပဲ နယ်စပ်ဒေသကို တရုတ်ထိပ်တန်းသံတမန် သွားရောက်ခဲ့တာပါ။ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင်မှာပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဖို့၊ သက်ဆိုင်သူတွေ ဆွေးနွေးပြောဆိုဖို့၊ စာနာမှုအကူအညီတွေ ပေးဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တာဝန်တွေကို အကောင်အထည် ဖော်နိုင်ရေး ကိစ္စတွေအပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းမှုတွေကို နိုင်ငံတကာက လေးစားဖို့ တရုတ်သံတမန်က ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ မြန်မာ့အရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံက သက်ဆိုင်သူတွေ ဦးဆောင်ပြီး မြန်မာပြည်သူတွေ ဆန္ဒနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးဖြေရှင်းမှုတွေကို ကုလသမဂ္ဂက အားပေးကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG