သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ တွေ့ဆုံမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်စတင်


တရုတ်နိုင်ငံခြားရေး၀န်ကြီး Qin Gang (photo courtesy: MOFA)
တရုတ်နိုင်ငံခြားရေး၀န်ကြီး Qin Gang (photo courtesy: MOFA)

တရုတ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ ဒီကနေ့ စတင်လိုက်တဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ စစ်ကောင်စီ ထိပ်တန်းတာဝန်ရှိသူတွေဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (ချင် ဂန်) ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အဆင့်မြင့် အရာရှိတွေနဲ့ နေပြည်တော်မှာ ဒီကနေ့ပဲ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူပြီး မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ခရီးစဉ်ဟာ နိုင်ငံတကာ အလယ်မှာ မြန်မာနိုင်ငံကို ထောက်ခံကြောင်း ပြသရာ ရောက်တယ်လို့ စစ်ကောင်စီ အကြီးအကဲက ပြောဆိုခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တွေ့ဆုံမှုအတွင်း နိုင်ငံရေး၊ သံတမန်ရေး၊ ဖွံ့ဖြိုးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြပေမဲ့ အသေးစိတ်တော့ မပြောပါဘူး။ စစ်ကောင်စီ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့တော့ တရုတ်အစိုးရက လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

နေပြည်တော်ကို မသွားခင် အင်္ဂါနေ့အစောပိုင်းမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ကို သွားရောက်ခဲ့ပြီး ဒေသခံ အာဏာပိုင်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားတဲ့ မြန်မာနဲ့ နယ်နိမိတ်တလျှောက် တည်ငြိမ်မှုရှိရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ နှိမ်နင်းရေး ကြိုးပမ်းဖို့လည်း နိုင်ငံခြားရေးဝန်ကြီးက ဒေသခံအာဏာပိုင်တွေကို ပြောခဲ့ပါတယ်။

ွမြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင်မှာပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဖို့၊ သက်ဆိုင်သူတွေ ဆွေးနွေးပြောဆိုဖို့၊ စာနာမှုအကူအညီတွေ ပေးဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တာဝန်တွေကို အကောင်အထည် ဖော်နိုင်ရေး ကိစ္စတွေအပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းမှုတွေကို နိုင်ငံတကာက လေးစားဖို့ တရုတ်သံတမန်က ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ မြန်မာ့အရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံက သက်ဆိုင်သူတွေ ဦးဆောင်ပြီး မြန်မာပြည်သူတွေ ဆန္ဒနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးဖြေရှင်းမှုတွေကို ကုလသမဂ္ဂက အားပေးကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG