သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်ထောက်လှမ်းရေး အကြီးအကဲ စစ်ကောင်စီနဲ့တွေ့ဆုံ


တရုတ်စစ်ဘက်ထောက်လှမ်းရေး ယာယီညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ယန်ယန် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံ (မေ ၃၀၊ ၂၀၂၃)
တရုတ်စစ်ဘက်ထောက်လှမ်းရေး ယာယီညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ယန်ယန် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံ (မေ ၃၀၊ ၂၀၂၃)

စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာစစ်ကောင်စီနဲ့ တရုတ်ထိပ်တန်း ထောက်လှမ်းရေးအရာရှိ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းတွေက ဖော်ပြပါတယ်။ တရုတ်ဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဘက်ထောက်လှမ်းရေး ယာယီညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ယန်ယန် ဟာ စစ်ကောင်စီ ဒုတိယ ဥက္ကဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ စစ်တပ်ကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။

တရုတ်စစ်သံမှုးလည်း ပါဝင်တက်ရောက်ခဲ့တဲ့ တွေ့ဆုံမှုအတွင်း ၂ နိုင်ငံနယ်စပ်ဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာက ဝိုင်းပယ်ခံရတဲ့ စစ်ကောင်စီဟာ တရုတ်၊ရုရှား နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်နေတာပါ။

မေလဆန်းတုန်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံကနေ လက်နက်နဲ့ ကိရိယာပစ္စည်းတွေကို မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ ၂၆၇ သန်း တင်သွင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း ဒီလဆန်းမှာပဲ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG