သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်းတွင်း ဓါတ်ငွေ့ပိုက်လိုင်းလုံခြုံရေးကင်း တိုက်ခိုက်ခံရ


မြန်မာနိုင်ငံကို ဖြတ်သွားတဲ့ ရွှေလီမြို့အနီးမှတရုတ် ဓာတ်ငွေ့ပိုက်လိုင်းများ
မြန်မာနိုင်ငံကို ဖြတ်သွားတဲ့ ရွှေလီမြို့အနီးမှတရုတ် ဓာတ်ငွေ့ပိုက်လိုင်းများ

တရုတ်အစိုးရရဲ့ မြန်မာအပေါ် ရပ်တည်ချက်နဲ့ပတ်သက်လို့ ဆန္ဒပြကန့်ကွက်မှုတွေရှိလာချိန်မှာပဲ၊ မန္တလေးတိုင်းအတွင်း မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေ ဒီတပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် ကိုသားညွန့်ဦး ပြောပြမှာပါ။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အထွက် မင်းကန်ရွာအနီးက ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မေလ ၂၃ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးတိုင်းတွင်း မြန်မာ−တရုတ် ရေနံပိုက်လိုင်း လုံခြုံရေးစောင့်တွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဒုတိယမြောက် တိုက်ခိုက်မှုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင် ရွှေစီတိုင် ကျေးရွာအနီးက မြန်မာ-တရုတ်ရေနံပိုက်လိုင်း လုံခြုံရေးယူထားတဲ့တပ်ကို မေ ၂၁ ရက် မနက်အစောပိုင်းတုန်းကလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

လုံခြုံရေးယူထားတဲ့ စစ်သား ၁၀ ဦးခန့်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နာရီဝက်နီးပါး အပြန်အလှန် ပစ်ခတ်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဘက်က စစ်ကူလာရောက်တဲ့အတွက် နောက်ပြန်ဆုတ်လာတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အခုလို မြန်မာ-တရုတ် ရေနံပိုက်လိုင်းအစောင့်တွေကို ဝင်ရောက်တိုက်ခိုက်တာဟာ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရေး စီးပွားရေးတွေမှာ ဝင်ရာက်စွက်ဖက်တာတွေအပြင်၊ အဲဒီနေရာမှာ စစ်ကောင်စီတပ်က တပ်စွဲထားတဲ့အတွက်ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ မြင်းခြံခရိုင် တပ်ရင်း (၂) က ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“မင်းအောင်လှိုင်အနေနဲ့ ပြုလုပ်ထားတဲ့ သဘောတူညီချက်ကုန်သွယ်ရေးအရ၊ သဘောတူညီချက် နိုင်ငံရေးအရ၊ သဘောတူညီချက် စီးပွားရေးအရ ဝင်ရောက်စွက်ဖက်မယ်၊ နိုင်ငံရေးအရပါ ဝင်ရောက်စွက်ဖက်မယ်ဆိုပြီးတော့ တရုတ်ပြည်သူ့သမ္မတ အနေနဲ့ ဒါကို ပြောဆိုလာတာလေးတွေ ရှိတယ်။ ပြောဆိုလာတဲ့အပေါ်မှာလည်း ကျွန်တော်တို့က မကျေနပ်ဘူး။ ဒီ စကစ တွေကိုလည်း ကျွန်တော်တို့ လုံး၀ အမြစ်ပြတ် ချေမှုန်းရေးဆိုတဲ့ စစ်ဆင်ရေးနဲ့ ကျွန်တော်တို့က သွားနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီရည်ရွယ်ချက် ၂ ခုနဲ့ ဒီ Mission လေးကို ဖော်ဆောင် ဖြစ်တာပါခင်ဗျ။"

ဒီတိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီကရော တရုတ်ကုမ္ပဏီဖက်ကပါ တစုံတရာထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးခါကစတုန်းကလည်း ရန်ကုန်မြို့ လှိုင်သာယာက တရုတ်ပိုင်စက်ရုံတချို့ ဖျက်ဆီးခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းကတော့ တရုတ်ပိုင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တရုတ်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တောင်းဆိုတိုက်တွန်းခဲ့ဖူးပါတယ်။

၄၇၉ မိုင်ရှည်လျားတဲ့ ဒီပိုက်လိုင်းဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကနေ မကွေးနဲ့ မန္တလေးတိုင်းတို့ကတဆင့် ရှမ်းပြည်မြောက်ပိုင်းတို့ကိုဖြတ်ပြီး တရုတ်တိုင်ငံ၊ ယူနန်ခရိုင်၊ ကူမင်းမြို့ကို မြန်မာနိုင်ငံက ဓါတ်ငွေ့တွေ တင်ပို့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင်း ဒေသခံတွေဟာလည်း လက်ပံတောင်းတောင် စီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီဟာ စစ်တပ်ကို လက်ခံကူညီပေးနေတယ်ဆိုပြီး၊ ဆန္ဒပြကန့်ကွက်တာတွေလည်း ရှိနေပါတယ်။ မြန်မာစစ်ကောင်စီနဲ့ပတ်သက်လို့ တရုတ်အစိုးရရပ်တည်ချက်ကိုပါ မကြိုက်ဘူးလို့ ဆားလင်းကြီးဒေသခံ တတ်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

“ဒီတရုတ်အစိုးရက ဖက်ဆစ်စစ်တပ်နဲ့ အကျိုးတူ စီးပွားတွေလုပ်နေသလို ကျွန်တော်တို့ဒေသအရပြောမယ်ဆိုရင် ပြည်သူတွေကို သတ်နေတဲ့ စကစ တပ်တွေကို၊ ဥပမာ ဝမ်ပေါင်ကုမ္ပဏီထဲမှာ လက်ခံပြီးတော့ ဝင်တာထွက်တာတွေ သူတို့ဘက်က ကူညီပေးနေတာတွေ အများကြီးရှိတယ်ပေါ့။ တရုတ်အစိုးရက ဖက်ဆစ် စစ်တပ်ကို ကူညီနေတယ်။ ကူညီနေတဲ့အပေါ်မှာ ကျွန်တော်တို့ ပြည်သူတွေက ဒါကို ဆန့်ကျင်တယ်။ လုံး၀ ကျွန်တော်တို့ ပြည်သူတွေကို သတ်နေတဲ့ စကစ စစ်တပ်ကို ကူညီပေးတာတွေ ရပ်ဆိုင်းဖို့ ကမ္ဘာကလည်း သိဖို့ တရုတ်အစိုးရက ဖက်ဆစ်စစ်တပ်ကို ဝိုင်းရံနေတဲ့အပေါ်မှာ ကျွန်တော်တို့ ပြည်သူလူထုက လုံးဝမလိုလားပါဘူး။ ပြည်သူလူထုကော၊ ကျွန်တော်တို့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အင်အားစုတွေကော သပိတ်အင်အားစုအသီးသီးက မလိုလားလို့ ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်ပေါ့။”

မေ (၂၃) ရက်၊ အင်္ဂါနေ့ကလည်း ရန်ကုန်မြို့မှာ တရုတ်အစိုးရကိုဆန့်ကျင်ကြောင်း စာတန်းတွေ ချိတ်ဆွဲပြီး လျှပ်တပြတ်ဆန္ဒပြတာဖြစ်ခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့သတင်းတော့ မကြားရပါဘူး။ တရုတ်အစိုးရဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာတော့ မြန်မာ့နိုင်ငံရေးပြဿနာကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ဆောင်ရွက်ကြဖို့၊ မြန်မာ့အရေးအာဆီယံဘုံသဘောထားကို လိုက်နာဆောင်ရွက်ကြဖို့နဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့အကြောင်းပြောဆိုထားပါတယ

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG