သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ မိုင်းလားမှာတွေ့မည်


မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဖို့ မိုင်းလားရောက်ရှိ (မေ ၃၀၊၂၀၂၃)
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဖို့ မိုင်းလားရောက်ရှိ (မေ ၃၀၊၂၀၂၃)

ရက္ခိုင့်တပ်တော် AA ပါဝင်တဲ့မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့တို့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့ တို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဆွေးနွေးမှု အသေးစိတ်ကို မထုတ်ပြန်သေးပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာတွေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ကြီးထွားနေတဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ အရေးပါနိုင်တယ်လို့လည်း အကဲခတ်တွေ ခန့်မှန်းနေကြတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် ပြောပြပေးမှာပါ။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့ ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ မိုင်းလားမြို့မှာ မနက်ဖြန် ဇွန် ၁ ရက်နေ့တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားတာပါ။ ဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်တွေ မိုင်းလားကို ရောက်နေပြီလို့လည်း ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကိုပြောပါတယ်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဖို့ မိုင်းလားရောက်ရှိ (မေ ၃၀၊၂၀၂၃)
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဖို့ မိုင်းလားရောက်ရှိ (မေ ၃၀၊၂၀၂၃)

"အဲဒီကိစ္စကတော့ ဆွေးနွေးပွဲတက်ဖို့အတွက် ကျနော်တို့ဘက်က ULA/AA ကကိုယ်စားလှယ်တဖွဲ့ တော့အဲကိုရောက်နေတယ်။ ဒုစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ မနေ့ထဲက မိုင်းလားမှာရောက်နေပါတယ်။ ဘာတွေဆွေးနွေးမလဲဆိုတာတော့လောလောဆယ် ပြောလို့မရသေးဘူး။"

ဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန်လည်း မိုင်းလားကို ရောက်နေတယ်လို့ ပြောပါတယ်။

"အခုတော့ တရုတ်ဘက်က ကမကထလုပ်တာလို့တော့ အကြမ်းဖျင်းတော့ပြောလို့ရတာပေါ့နော်။ ဘာတွေ အသေးစိတ် ဖြစ်မလဲဆိုတာတော့ကျနော်လည်းအသေအချာမသိသေးဘူးဗျ။"

ဆွေးနွေးပွဲမတိုင်ခင်မှာပဲ တရုတ်ဗဟိုစစ်ကော်မရှင် ပူးတွဲစစ်ဦးစီးဌာန စစ်ထောက်လှမ်းရေးဌာန ယာယီညွှန်ကြားရေးမှုးချုပ် ဗိုလ်ချုပ် ယန်ယန် ဟာ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တာပါ။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီဆွေးနွေးပွဲက မြန်မာ့ငြိမ်းချမ်းရေးအပြင် မြန်မာ့နိုင်ငံရေး အတွက်ပါ အရေးပါတဲ့ဆွေးနွေးပွဲ တခုဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

"ညီနောင် ၃ ဖွဲ့နဲ့စစ်ကောင်စီနဲ့တွေ့ကြတာဟာတကယ်တော့ တရုတ်ရဲ့ဘေးတီးပေးမှုနဲ့ တရုတ်နဲ့ပါဝင် ပတ်သတ်မှုကြောင့်ဖြစ်လာ တာပါ။ စစ်ကောင်စီနဲ့နားလည်မှုတစုံတရာ ရဖို့အတွက်ဆုံပေးတဲ့ သဘော ဖြစ်တဲ့အတွက် နွေဦးစစ်ဆင်ရေး တန်ပြန်ထိုးစစ် လုပ်နေချိန်ကာလမှာ တော်တော်အရေးကြီးတဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ ကျနော်ယူဆတယ်။ ဒီဆုံးဖြတ်ချက်ကလည်းဘာဖြစ်မလဲဆိုရင် ရှင်းပါတယ်။ တရုတ်ရဲ့ သဘောထားအတိုင်း NUG နဲ့မပူးပေါင်းရေး၊ PDF တွေနဲ့မပေါင်းစပ်ရေး ဒီလှုပ်ရှားမှုမှာမပါဝင်ရေး ဆိုတဲ့ တရုတ်ရဲ့သဘောတိုင်းဖြစ်လာမှာပါ။ ဒီထပ်ပိုတိုးလာရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာတတ်နိုင် သလောက်ပါဝင်ကူညီရေးထိဖြစ်လာနိုင်ပါတယ်။ ဒီအစည်းအဝေးရလဒ်ဟာတော်တော် အရေးကြီးတယ် မြင်ပါတယ်။ တရုတ်ပါဝင်မှုဟာ ဘယ်အတိုင်းအတာထိပါဝင်နေလဲဆိုတာလဲဖော်ပြနေတာဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံကြမယ့် မိုင်းလားမြို့က ဆွေးနွေးပွဲကို အနည်းဆုံး ၂ ရက်လောက် ကျင်းပနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG