သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေး


မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရွေးကောက်ပွဲ ကျင်းပရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို နေပြည်တော်မှာ ဆွေးနွေးနေကြစဉ် (မတ် ၂၂၊ ၂၀၂၃)
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရွေးကောက်ပွဲ ကျင်းပရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို နေပြည်တော်မှာ ဆွေးနွေးနေကြစဉ် (မတ် ၂၂၊ ၂၀၂၃)

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရွေးကောက်ပွဲ ကျင်းပရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို နေပြည်တော်မှာ ၃ရက်ကြာဆွေးနွေးမှုတွေ ပြုလုပ်နေကြတာပါ။ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးညီလာခံလုပ်ဖို့အတွက် တင်ပြဆွေးနွေးခဲ့တယ်လို့ ဒီဆွေးနွေးမှုမှာ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဘက်က ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ မတ်လ ၂၂ ရက်နေ့ကနေ စတင် တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“အရင်ထဲကအတိုင်း ကျွန်တော်တို့ပြောပြီးသားဖြစ်ပါတယ်။ မြောက်ပိုင်းအဖွဲ့ ၃ဖွဲ့နဲ့ ကျနော်တို့တွေ့ဆုံ ဖို့ရှိတယ်ဆိုတာ။ အရင်ထဲကလည်း တွေ့ဆုံတာမှာ ကျနော်တို့ ထပ်မံဆွေးနွေးဖို့ လိုတာတွေကို ဆွေးနွေးခြင်းဘဲ ဖြစ်ပါတယ်။ အဓိကရွေးကောက်ပွဲကိစ္စက ရွေးကောက်ပွဲဟာ နိုင်ငံအနှံမှာ ပျံ့ပျံ့နှံနှံ လုပ်မယ်လို့ ပြောထားတာဘဲဖြစ်တယ်။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အဲဒေသမှာပါ လုပ်နိုင်ဖို့ ဦးတည်ဆွေးနွေးတာ ရှိကောင်း ရှိနိုင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ကတော့ အရင်ထဲကပြောပြီးသားအပိုင်းတွေ ဖြစ်တယ်။ ဒေသဖွံ့ဖြိုးရေးအပိုင်းရှိမယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ သူတို့လိုချင်တဲ့ သဘောတူညီချက်တွေရှိမယ်။ ကျွန်တော်တို့ဘက်က ပေးနိုင်တာတွေ ရှိမယ်။ ဒါတွေနဲ့ပတ်သက်လို့ ဆက်လက် ဆွေးနွေးရမှာတွေ အရင်ထဲက ဆွေးနွေးဖို့ကျန်တာတွေနဲ့ ပတ်သက်လို့ ဆက်လက်ဆွေးနွေးတာပါ။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရွေးကောက်ပွဲ ကျင်းပရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို နေပြည်တော်မှာ ဆွေးနွေးနေကြစဉ် (မတ် ၂၂၊ ၂၀၂၃)
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရွေးကောက်ပွဲ ကျင်းပရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို နေပြည်တော်မှာ ဆွေးနွေးနေကြစဉ် (မတ် ၂၂၊ ၂၀၂၃)

အဲဒီတွေ့ဆုံပွဲမှာ အဖွဲ့အသီးသီးရဲ့ လိုလားချက်တွေ၊ ဒေသဖွံ့ဖြိုးတည်ငြိမ်ရေး၊ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတချို့ကို ပြင်ဆင်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးညီလာခံလုပ်ဖို့ အတွက်တင်ပြဆွေးနွေးခဲ့သလို မြောက်ပိုင်းအဖွဲ့တွေဘက်က တင်ပြခဲ့တာတွေနဲ့ပတ်သတ်လို့ မိုင်းလား ခေါ် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) က ဦးကြည်မြင့်က ခုလိုပြောပြပါတယ်။

“ကျွန်တော်တို့ဆွေးနွေးထားတာတော့ ရွေးကောက်ပွဲအခြေအနေ မိတ်ဆက်ပေးတယ်။ နောက် ဒေသအခြေအနေတွေ ပြောပြတယ်။ ငြိမ်းချမ်းရေးညီလာခံလုပ်ချင်ဖို့ အစိုးရဘက်က ဆွေးနွေးထားတယ်။ ဒီလို တင်ပြလာတာကို ကျွန်တော်တို့ဘက်က ပြန်ပြီးတော့မှ လူကြီးတွေနဲ့ ဆွေးနွေးပြီးမှ အဖြေပေးမယ်ဆိုပြီးတော့မှ ကျနော်တို့ လျာထားတယ်။ ၄ ချက်လောက်ဘဲ ဆွေးနွေးတယ်။ တည်ငြိမ်အေးချမ်းရေးနဲ့ အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ တင်ပြထားတာလည်း သူတို့ဘက်ကလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးမယ်။ နောက်ဆုံးမှာ ဘယ်လိုအကောင်အထည်ဖော်မလဲတော့ မသိသေးဘူးပေါ့။”

ရွေးကောက်ပွဲနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ဘယ်အချိန်လုပ်မလဲဆိုတာ တိတိကျကျ မပြောသေးပေမယ့် တည်ငြိမ်အေးချမ်းမှ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့သလို တည်ငြိမ်မှ စာရင်းတွေ ကောက်ယူဖို့ လုပ်ဆောင်နိုင်မယ်လို့ တင်ပြခဲ့တာ ရှိတယ်လို့ ပြောပါတယ်။

ဆွေးနွေးခဲ့တာတွေပတ်သက်လို့ ဒီကနေ့ ဆွေးနွေးပွဲအပြီးမှာ နှစ်ဘက် သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီတွေ့ဆုံမှုမတိုင်ခင်မှာ UWSP၊ NDAA၊ SSPP နဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရက္ခိုင့် တပ်တော် (AA) ၊ တအာန်း ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ဟာ ပန်ဆန်းမြို့မှာ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ နှစ်ရက်ကြာ တွေ့ဆုံခဲ့ကြပြီး ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ခေါင်းဆောင် တချို့ဟာ ပန်ဆန်းဆွေးနွေးပွဲအပြီးမှာ တရုတ် အစိုးရရဲ့အထူးကိုယ်စားလှယ် တိန့်ရှီကျန်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။

ဒီကနေ့ စစ်ကောင်စီနဲ့ တွေ့ဆုံမှုမှာတော့ တိုက်ပွဲတွေရှိနေဆဲဖြစ်တဲ့ တခြား မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှု မရှိခဲ့ပေမယ့် တပ်မတော်ဘက်က တိုက်ပွဲတွေရှိနေလဲ ငြိမ်းချမ်းရေးဆွေးနွေးသွားဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ဦးကြည်မြင့် ကပြောပါတယ်။

“သူတို့ကတော့ တိုင်းရင်းသားကိစ္စနဲ့ဆိုရင် ကြားမှာ အမြင်ကွဲလွဲတာနဲ့ ဘာဘာညာဖြစ်ရင်လဲ ဆွေးနွေးဖို့ ကောင်းတယ်။ တိုက်ပွဲဖြစ်ရင်လဲ လာဆွေးနွေးလို့လဲရတယ်။ အချိန်မရွေး ကြိုဆိုတယ်၊ နေပြည်တော်မှာဖြစ်ဖြစ်၊ တခြားနေရာသွားတာဖြစ်ဖြစ် တပ်မတော်နဲ့ သူတို့ ဆွေးနွေးမယ်။ ကြားမှာဖြစ်တဲ့ကိစ္စလည်း ဆွေးနွေးရင်းနဲ့ ဖြေရှင်းလို့ရတယ်၊ သူတို့လည်းကြိုးစားမယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း ကောင်းပါတယ်ပေါ့။ သူတို့နဲ့တွေ့ရင် တဆင့်ခံပြောပြပေးမယ်ပေါ့။ အဲလိုအခြေအနေပါ။”

ဒီအဖွဲ့ ၃ ဖွဲ့ဟာ သုံးဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့အပြင် မနှစ် စက်တင်ဘာ ၂၆၊ ၂၇၊ ၂၈ ရက်တွေမှာလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG