သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ကုမ္ပဏီတွေ မြန်မာပြည်ထွက်ကျောက်မျက် မရောင်းချရေး လှုပ်ရှားသူတွေတောင်းဆို

ပုလဲနဲ့တွင်းထွက်ကျောက်မျက်အရောင်းပွဲမှာတွေ့ရတဲ့ စစ်ကောင်စီခေါင်းဆောင် (ဧပြီ ၊ ၂၀၂၁)
ပုလဲနဲ့တွင်းထွက်ကျောက်မျက်အရောင်းပွဲမှာတွေ့ရတဲ့ စစ်ကောင်စီခေါင်းဆောင် (ဧပြီ ၊ ၂၀၂၁)

ဗြိတိန်နိုင်ငံမှာ အကြီးမားဆုံး ကျောက်မျက်ရတနာ လက်လီရောင်းချနေတဲ့ ကုမ္ပဏီပေါင်း (၄၀) ကို သူတို့ ရောင်းချနေတဲ့ ကျောက်မျက်တွေဟာ မြန်မာနိုင်ငံက ထွက်ရှိတာမဟုတ်ပါဘူးဆိုတာ သက်သေပြဖို့ Burma Campaign UK အဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

Burma Campaign UK ရဲ့သုတေသန မှတ်တမ်းတွေအရ လက်ဝတ်ရတနာ လက်လီရောင်းချတဲ့ ကုမ္ပဏီအများစုဟာ သူတို့ရောင်းနေတဲ့ ပတ္တမြားလိုမျိုး ကျောက်မျက်တွေနဲ့ ပတ်သက်လို့ မူရင်းနိုင်ငံကို သတ်မှတ်မထားဘူးလို့ ဆိုပါတယ်။ အခုလို မြန်မာ့ကျောက်မျက်ရတနာတွေ ရောင်းချတဲ့အတွက် မြန်မာစစ်တပ်ဆီကို အဓိက ဝင်ငွေပေးမယ့် အန္တရာယ်တွေရှိနေတာကို လက်လီရောင်းချနေတဲ့ ကုမ္ပဏီတချို့က သတိမပြုကြတဲ့အတွက် အသိပေးတဲ့ လှုပ်ရှားမှု ကို ဆောင်ရွက်တာဖြစ်တယ်လို့ Burma Campaign UK အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။

အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အဖွဲ့အနေနဲ့ လက်ဝတ်ရတနာကုမ္ပဏီပေါင်း ၄၀ ဆီကို စာရေးသားပေးပို့နေပြီး သူတို့ မေးမြန်းထားတဲ့အချက်အလက်တွေအပေါ် ကုမ္ပဏီတွေအနေနဲ့ တုံ့ပြန်မှုတွေပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီတုံ့ပြန်မှုတွေအပေါ်မှာ Burma Campaign UK အနေနဲ့ နောက်ဆက်တွဲ အစီရင်ခံစာထုတ်ပြန်ဖို့ရှိတယ်လို့ Mark Farmaner က ဗွီအိုအေကိုပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိတဲ့ နိုင်ငံရဲ့ ကျောက်မျက်လုပ်ငန်းကို ထိန်းချုပ်ထားတာဖြစ်တယ်လို့ Burma Campaign UK ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အဲဒီကရတဲ့ ဝင်ငွေတွေဟာ မြန်မာစစ်တပ်ကနေ ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် လက်နက်ပစ္စည်းကိရိယာတွေ ဝယ်ယူရာမှာ အသုံးပြုနေကြောင်းလည်း အဲဒီကြေညာချက်မှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG