သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေက်ာက္စိမ္းအက်ဳိးခံစားရသူမ်ား


Myanmar Jade

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသမွာ ေက်ာက္စိမ္းထုတ္ယူေနတဲ့ ကုမၸဏီအားလံုးနီးပါးဟာ ယူနန္တရုတ္ေတြရဲ ႔ ေငြေၾကးပံ့ပိုးမႈနဲ႔ မကင္းၾကဘူးလို႔ မၾကာမီက ထုတ္ေဝခဲ့တဲ့ Global Witness အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ အေခ်ာထည္မေရာက္မီ အဆင့္အမ်ဳိးမ်ဳိးနဲ႔ အေခ်ာထည္အဆင့္မွာ တန္ဖိုးျမင့္သြားတဲ့ ေက်ာက္စိမ္းေစ်းကြက္ကို တရုတ္က လႊမ္းမိုးထားတယ္လို႔ ဆိုပါတယ္။ ျမန္မာမွတ္ပံုတင္ကိုင္တဲ့ တရုတ္ႏုိင္ငံသားကိုယ္တိုင္ ပါဝင္လုပ္ကိုင္တဲ့နည္း၊ ျမန္မာႏုိင္ငံသားက တရုတ္ကိုယ္စားလွယ္အျဖစ္ လုပ္ကိုင္တဲ့နည္းစတဲ့ နည္းလမ္းေတြနဲ႔ တရုတ္အရင္းရွင္ေတြ ေက်ာက္စိမ္းလုပ္ငန္းမွာ ပါဝင္ၾကပါတယ္။

တန္ဖိုးႀကီးမားတဲ့ တူးေဖာ္ေရး စက္ယႏၱရားေတြကို တရုတ္က ထုတ္ေပးၿပီး ေဒသခံေတြနဲ႔ အက်ဳိးတူစီးပြား လုပ္တာမ်ဳိးလည္း ရိွပါတယ္။ ဖားကန္႔မွာ ‘ဝ’အဖြဲ႔ေတြနဲ႔ ဆက္သြယ္ၿပီး၊ ေက်ာက္စိမ္းလုပ္ငန္းမွာ ပါဝင္ေနတဲ့ တရုတ္ေတြလည္း ရိွပါတယ္။ တပ္ခ်ဳပ္ေဟာင္း ဦးသန္းေရႊမိသားစု၊ ေျမာက္ပိုင္းတိုင္းရဲ ႔ တိုင္းမွဴးနဲ႔ ထိပ္တန္းအရာရိွေတြ ေက်ာက္စိမ္းကရတဲ့ အက်ဳိးအျမတ္ကို ခံစားရပါတယ္။ ဒီဓေလ့ရိွေနေသးတာမို႔ တပ္မမွဴးနဲ႔ တိုင္းမွဴးေတြရတဲ့ လာဘ္ေငြဟာ တပ္ခ်ဳပ္အဆင့္အထိ ေရာက္သြားတယ္လို႔ ဆိုပါတယ္။ ဒိုင္နမိုက္လုပ္ငန္းကရတဲ့ေငြကို တပ္ခ်ဳပ္ရဲ ႔သား ေအာင္ျပည့္စံုကို ေဝစုခြဲေပးရပါတယ္။

ေက်ာက္စိမ္းကရတဲ့ အက်ဳိးအျမတ္ကို စစ္ေကာင္စီေခါင္းေဆာင္ပိုင္းက ခံစားေနရတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီး Global Witness က ကာကြယ္ေရးဝန္ႀကီးဌာနကို ေမးျမန္းတဲ့အခါ တံု႔ျပန္မႈ မရိွဘူးလို႔ ဆိုပါတယ္။ KIO ကခ်င္အဖြဲ႔ ဥကၠ႒ အင္ဘန္းလ မိသားစုဝင္ေတြလည္း ေက်ာက္စိမ္းလုပ္ငန္းမွာ ပါဝင္ေနတယ္လို႔ ဆိုပါတယ္။ အင္ဘန္းလရဲ ႔ သားတေယာက္ဟာ ေကာင္းခါးျပည္သူစစ္နဲ႔ ဆက္စပ္ေနတဲ့ကုမၸဏီမွာ အစုရွယ္ယာ ပါဝင္တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ဆက္စပ္မႈမရိွေၾကာင္း၊ KIO ကိုယ္စားလွယ္က ျငင္းဆိုပါတယ္။ ဝတပ္ဖြဲ႔ဆီကရတဲ့ စစ္လက္နက္ပစၥည္းကို ေက်ာက္စိမ္းအတြက္ ေငြေပးေခ်တဲ့သေဘာနဲ႔ KIO က လက္ခံတယ္လို႔လည္း Global Witness က ေဖာ္ျပပါတယ္။ ဒါေပမဲ့ ဝေဒသက ပို႔ေပးဖို႔ ခက္ခဲတာေၾကာင္း ကိုးကန္႔နဲ႔ ယူနန္ကတဆင့္ ပို႔ေပးရတယ္လို႔ ဆိုပါတယ္။

ဦးသန္းေရႊ အနားယူသြားေပမယ့္ သူ႔မိသားစုဟာ ေက်ာက္မ်က္လုပ္ငန္းမွာ ပါဝင္ေနဆဲျဖစ္တယ္လို႔ ၂၀၁၅ ထုတ္ Global Witness အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ ဦးသန္းေရႊမိသားစုပိုင္ ေက်ာက္စိမ္းကုမၸဏီေတြကို Kyaing International လို႔ ေခၚပါတယ္။ ဦးသန္းေရႊရဲ ႔သားေတြျဖစ္တဲ့ ႀကိဳင္စန္းေရႊနဲ႔ ထြန္းႏိုင္ေရႊတို႔ဟာ Kyaing International အုပ္စုနဲ႔ ‘ျမန္မာ့ႏိုင္အုပ္စု’ ကို ဦးေဆာင္ၿပီး ဖားကန္႔မွာ လုပ္ကြက္ (၆) ခု ရထားပါတယ္။ သူတုိ႔ရဲ ႔လက္ေအာက္ခံ ‘ၾကြယ္ဝဆံုး’ ဆိုတဲ့ ကုမၸဏီကိုေတာ့ Richest Gems ဆိုတဲ့ အဂၤလိပ္အမည္နဲ႔ မွတ္ပံုတင္ၿပီး လုပ္ကြက္ (၃) ခု ရထားပါတယ္။ ဦးသန္းေရႊမိသားစုရဲ ႔ လုပ္ကြက္ (၉) ခုမွာ အင္အားသံုးၿပီး စစ္တပ္အေစာင့္အေရွာက္နဲ႔ တူးတာမို႔ ပတ္ဝန္းက်င္ ပ်က္စီးတာမ်ားပါတယ္။

၁၄ ရာစုေလာက္ကတည္းက ျမန္မာ့ေက်ာက္စိမ္းကို တရုတ္က မ်က္စီက်ခဲ့တာ ယေန႔အထိ ျဖစ္ပါတယ္။ ၁၈ ရာစုေႏွာင္းပိုင္း ဆင္ျဖဴရွင္မင္းလက္ထက္ တရုတ္-ျမန္မာ နယ္ျခားစစ္ပြဲ ၿပီးဆံုးသြားတာဟာ ယူနန္-ျမန္မာ ကုန္သြယ္ေရး တုိးပြားေစတဲ့ အေၾကာင္းရင္း ျဖစ္ပါတယ္။ အဲဒီအခ်ိန္္ကစၿပီး ျမန္မာ့ေက်ာက္မ်က္ ယူနန္ကို တင္ပို႔ၿပီး ပိုးခ်ည္၊ သတၱဳအိုးခြက္နဲ႔ ေရႊေငြကို တင္သြင္းပါတယ္။ အဲဒီေခတ္က ကားလမ္းမရိွတဲ့အတြက္ လားေပၚမွာ ကုန္တင္ၿပီး ကုန္းေၾကာင္းခရီးၾကမ္းမွာ ယူနန္သားေတြ ကုန္သြယ္ၾကပါတယ္။ ကခ်င္ကို ေက်ာက္မ်က္ပိုင္ရွင္အျဖစ္ သတ္မွတ္ၿပီး တရုတ္က ဆက္ဆံတာကို ဗမာမင္းက ကန္႔ကြက္တာမ်ဳိး မရိွပါဘူး။ ဒါေပမဲ့ အခုေခတ္မွာေတာ့ ေက်ာက္စိမ္းေစ်းကြက္ အလြန္ႀကီးမားလာၿပီး ဝင္ေငြမ်ားတာမုိ႔ ေက်ာက္စိမ္းေျမနဲ႔ နယ္စပ္ကို ခ်ဳပ္ကိုင္ေရးဟာ အလြန္အေရးႀကီးေနပံု ရပါတယ္။ တရုတ္စီးပြားေရး တိုးတက္ေလ ေက်ာက္စိမ္းေစ်းကြက္ေကာင္းေလမို႔ ဝယ္လိုအားမ်ားတဲ့ ေစ်းကြက္ျဖစ္ေနပါတယ္။

ကခ်င္ျပည္နယ္ ေက်ာက္စိမ္းေျမမွာ စားခြက္လုၿပီး တုိက္က်ခိုက္က် ဗံုးခြဲက်နဲ႔ အၾကမ္းဖက္တာေတြ အၿမဲတမ္းလိုလို ျဖစ္ပြားေနပါတယ္။ ျမန္မာ့ေက်ာက္စိမ္း တင္သြင္းတာကို အေမရိကန္အစိုးရက (၂၀၀၈) မွာ ဥပေဒျပဌာန္းၿပီး ပိတ္ပင္ထားေပမယ့္ တရုတ္ျပည္က ေက်ာက္မ်က္ဆိုင္နဲ႔ ျပတိုက္တိုင္းမွာ ေက်ာက္စိမ္း ရိွပါတယ္။ ရွင္ဂ်န္းျပည္နယ္မွာလည္း ေက်ာက္စိမ္းထြက္ေပမယ့္ ျမန္မာ့ေက်ာက္စိမ္းကို တန္းဖိုးအထားဆံုးပါ။ အတုအပေတြလည္း အမ်ားႀကီး ရိွပါတယ္။ မၾကာမီက မႏၱေလးမွာ အြန္လိုင္းက ေက်ာက္စိမ္းေရာင္းဝယ္လို႔ အဖမ္းခံရသူထဲမွာ တရုတ္ႏိုင္ငံသားေတြလည္း ပါဝင္ေနတာ ေတြ႔ရပါတယ္။ အခုေတာ့ အားလံုးကို လႊတ္ေပးလိုက္ပါၿပီ။

စစ္အာဏာရွင္နဲ႔ ပုလဲနံပသင့္ၿပီး ကုေဋကုဋာၾကြယ္ဝတဲ့ သူေဌးႀကီးျဖစ္လာသူ (၄၀) ေက်ာ္ရိွၿပီး၊ လာမယ့္ႏွစ္ အနည္းငယ္အတြင္း သံုးရာေလာက္အထိ တိုးပြားလာႏုိင္တယ္လို႔ ခန္႔မွန္းၾကပါတယ္။ သူေဌးဦးေရ တိုးပြားလာသလို ဆင္းရဲသားဦးေရလည္း အၿမဲတမ္း တိုးပြားေနပါတယ္။ ေက်ာက္စိမ္းလုပ္ငန္းက အလုပ္သမားအမ်ားအျပား ဘိန္းျဖဴစြဲၿပီး ေဆးသမားေတြ ျဖစ္ကုန္ပါတယ္။ HIV ေရာဂါဆိုး အမ်ားဆံုးျဖစ္ပြားရာ ေဒသပါ။ ေက်ာက္စိမ္းထုတ္လုပ္မႈေၾကာင့္ ျမန္မာျပည္မွာ ဆင္းရဲခ်မ္းသာကြဲျပားမႈ ပိုမိုနက္ရိွဳင္းလာတာမို႔ ေက်ာက္စိမ္းအက်ဳိး ခံစားရသူကနည္းၿပီး က်ိန္စာသင့္သူက မ်ားေနပါတယ္။

==== Unicode ====

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းထုတ်ယူနေတဲ့ ကုမ္ပဏီအားလုံးနီးပါးဟာ ယူနန်တရုတ်တွေရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ မကင်းကြဘူးလို့ မကြာမီက ထုတ်ဝေခဲ့တဲ့ Global Witness အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အချောထည်မရောက်မီ အဆင့်အမျိုးမျိုးနဲ့ အချောထည်အဆင့်မှာ တန်ဖိုးမြင့်သွားတဲ့ ကျောက်စိမ်းဈေးကွက်ကို တရုတ်က လွှမ်းမိုးထားတယ်လို့ ဆိုပါတယ်။ မြန်မာမှတ်ပုံတင်ကိုင်တဲ့ တရုတ်နိုင်ငံသားကိုယ်တိုင် ပါဝင်လုပ်ကိုင်တဲ့နည်း၊ မြန်မာနိုင်ငံသားက တရုတ်ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်တဲ့နည်းစတဲ့ နည်းလမ်းတွေနဲ့ တရုတ်အရင်းရှင်တွေ ကျောက်စိမ်းလုပ်ငန်းမှာ ပါဝင်ကြပါတယ်။

တန်ဖိုးကြီးမားတဲ့ တူးဖော်ရေး စက်ယန္တရားတွေကို တရုတ်က ထုတ်ပေးပြီး ဒေသခံတွေနဲ့ အကျိုးတူစီးပွား လုပ်တာမျိုးလည်း ရှိပါတယ်။ ဖားကန့်မှာ ‘ဝ’အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး၊ ကျောက်စိမ်းလုပ်ငန်းမှာ ပါဝင်နေတဲ့ တရုတ်တွေလည်း ရှိပါတယ်။ တပ်ချုပ်ဟောင်း ဦးသန်းရွှေမိသားစု၊ မြောက်ပိုင်းတိုင်းရဲ့ တိုင်းမှူးနဲ့ ထိပ်တန်းအရာရှိတွေ ကျောက်စိမ်းကရတဲ့ အကျိုးအမြတ်ကို ခံစားရပါတယ်။ ဒီဓလေ့ရှိနေသေးတာမို့ တပ်မမှူးနဲ့ တိုင်းမှူးတွေရတဲ့ လာဘ်ငွေဟာ တပ်ချုပ်အဆင့်အထိ ရောက်သွားတယ်လို့ ဆိုပါတယ်။ ဒိုင်နမိုက်လုပ်ငန်းကရတဲ့ငွေကို တပ်ချုပ်ရဲ့သား အောင်ပြည့်စုံကို ဝေစုခွဲပေးရပါတယ်။

ကျောက်စိမ်းကရတဲ့ အကျိုးအမြတ်ကို စစ်ကောင်စီခေါင်းဆောင်ပိုင်းက ခံစားနေရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး Global Witness က ကာကွယ်ရေးဝန်ကြီးဌာနကို မေးမြန်းတဲ့အခါ တုံ့ပြန်မှု မရှိဘူးလို့ ဆိုပါတယ်။ KIO ကချင်အဖွဲ့ ဥက္ကဋ္ဌ အင်ဘန်းလ မိသားစုဝင်တွေလည်း ကျောက်စိမ်းလုပ်ငန်းမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အင်ဘန်းလရဲ့ သားတယောက်ဟာ ကောင်းခါးပြည်သူစစ်နဲ့ ဆက်စပ်နေတဲ့ကုမ္ပဏီမှာ အစုရှယ်ယာ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆက်စပ်မှုမရှိကြောင်း၊ KIO ကိုယ်စားလှယ်က ငြင်းဆိုပါတယ်။ ဝတပ်ဖွဲ့ဆီကရတဲ့ စစ်လက်နက်ပစ္စည်းကို ကျောက်စိမ်းအတွက် ငွေပေးချေတဲ့သဘောနဲ့ KIO က လက်ခံတယ်လို့လည်း Global Witness က ဖော်ပြပါတယ်။ ဒါပေမဲ့ ဝဒေသက ပို့ပေးဖို့ ခက်ခဲတာကြောင်း ကိုးကန့်နဲ့ ယူနန်ကတဆင့် ပို့ပေးရတယ်လို့ ဆိုပါတယ်။

ဦးသန်းရွှေ အနားယူသွားပေမယ့် သူ့မိသားစုဟာ ကျောက်မျက်လုပ်ငန်းမှာ ပါဝင်နေဆဲဖြစ်တယ်လို့ ၂၀၁၅ ထုတ် Global Witness အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဦးသန်းရွှေမိသားစုပိုင် ကျောက်စိမ်းကုမ္ပဏီတွေကို Kyaing International လို့ ခေါ်ပါတယ်။ ဦးသန်းရွှေရဲ့သားတွေဖြစ်တဲ့ ကြိုင်စန်းရွှေနဲ့ ထွန်းနိုင်ရွှေတို့ဟာ Kyaing International အုပ်စုနဲ့ ‘မြန်မာ့နိုင်အုပ်စု’ ကို ဦးဆောင်ပြီး ဖားကန့်မှာ လုပ်ကွက် (၆) ခု ရထားပါတယ်။ သူတို့ရဲ့လက်အောက်ခံ ‘ကြွယ်ဝဆုံး’ ဆိုတဲ့ ကုမ္ပဏီကိုတော့ Richest Gems ဆိုတဲ့ အင်္ဂလိပ်အမည်နဲ့ မှတ်ပုံတင်ပြီး လုပ်ကွက် (၃) ခု ရထားပါတယ်။ ဦးသန်းရွှေမိသားစုရဲ့ လုပ်ကွက် (၉) ခုမှာ အင်အားသုံးပြီး စစ်တပ်အစောင့်အရှောက်နဲ့ တူးတာမို့ ပတ်ဝန်းကျင် ပျက်စီးတာများပါတယ်။

၁၄ ရာစုလောက်ကတည်းက မြန်မာ့ကျောက်စိမ်းကို တရုတ်က မျက်စီကျခဲ့တာ ယနေ့အထိ ဖြစ်ပါတယ်။ ၁၈ ရာစုနှောင်းပိုင်း ဆင်ဖြူရှင်မင်းလက်ထက် တရုတ်-မြန်မာ နယ်ခြားစစ်ပွဲ ပြီးဆုံးသွားတာဟာ ယူနန်-မြန်မာ ကုန်သွယ်ရေး တိုးပွားစေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာ့ကျောက်မျက် ယူနန်ကို တင်ပို့ပြီး ပိုးချည်၊ သတ္တုအိုးခွက်နဲ့ ရွှေငွေကို တင်သွင်းပါတယ်။ အဲဒီခေတ်က ကားလမ်းမရှိတဲ့အတွက် လားပေါ်မှာ ကုန်တင်ပြီး ကုန်းကြောင်းခရီးကြမ်းမှာ ယူနန်သားတွေ ကုန်သွယ်ကြပါတယ်။ ကချင်ကို ကျောက်မျက်ပိုင်ရှင်အဖြစ် သတ်မှတ်ပြီး တရုတ်က ဆက်ဆံတာကို ဗမာမင်းက ကန့်ကွက်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ အခုခေတ်မှာတော့ ကျောက်စိမ်းဈေးကွက် အလွန်ကြီးမားလာပြီး ဝင်ငွေများတာမို့ ကျောက်စိမ်းမြေနဲ့ နယ်စပ်ကို ချုပ်ကိုင်ရေးဟာ အလွန်အရေးကြီးနေပုံ ရပါတယ်။ တရုတ်စီးပွားရေး တိုးတက်လေ ကျောက်စိမ်းဈေးကွက်ကောင်းလေမို့ ဝယ်လိုအားများတဲ့ ဈေးကွက်ဖြစ်နေပါတယ်။

ကချင်ပြည်နယ် ကျောက်စိမ်းမြေမှာ စားခွက်လုပြီး တိုက်ကျခိုက်ကျ ဗုံးခွဲကျနဲ့ အကြမ်းဖက်တာတွေ အမြဲတမ်းလိုလို ဖြစ်ပွားနေပါတယ်။ မြန်မာ့ကျောက်စိမ်း တင်သွင်းတာကို အမေရိကန်အစိုးရက (၂၀၀၈) မှာ ဥပဒေပြဌာန်းပြီး ပိတ်ပင်ထားပေမယ့် တရုတ်ပြည်က ကျောက်မျက်ဆိုင်နဲ့ ပြတိုက်တိုင်းမှာ ကျောက်စိမ်း ရှိပါတယ်။ ရှင်ဂျန်းပြည်နယ်မှာလည်း ကျောက်စိမ်းထွက်ပေမယ့် မြန်မာ့ကျောက်စိမ်းကို တန်းဖိုးအထားဆုံးပါ။ အတုအပတွေလည်း အများကြီး ရှိပါတယ်။ မကြာမီက မန္တလေးမှာ အွန်လိုင်းက ကျောက်စိမ်းရောင်းဝယ်လို့ အဖမ်းခံရသူထဲမှာ တရုတ်နိုင်ငံသားတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။ အခုတော့ အားလုံးကို လွှတ်ပေးလိုက်ပါပြီ။

စစ်အာဏာရှင်နဲ့ ပုလဲနံပသင့်ပြီး ကုဋေကုဋာကြွယ်ဝတဲ့ သူဌေးကြီးဖြစ်လာသူ (၄၀) ကျော်ရှိပြီး၊ လာမယ့်နှစ် အနည်းငယ်အတွင်း သုံးရာလောက်အထိ တိုးပွားလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ သူဌေးဦးရေ တိုးပွားလာသလို ဆင်းရဲသားဦးရေလည်း အမြဲတမ်း တိုးပွားနေပါတယ်။ ကျောက်စိမ်းလုပ်ငန်းက အလုပ်သမားအများအပြား ဘိန်းဖြူစွဲပြီး ဆေးသမားတွေ ဖြစ်ကုန်ပါတယ်။ HIV ရောဂါဆိုး အများဆုံးဖြစ်ပွားရာ ဒေသပါ။ ကျောက်စိမ်းထုတ်လုပ်မှုကြောင့် မြန်မာပြည်မှာ ဆင်းရဲချမ်းသာကွဲပြားမှု ပိုမိုနက်ရှိုင်းလာတာမို့ ကျောက်စိမ်းအကျိုး ခံစားရသူကနည်းပြီး ကျိန်စာသင့်သူက များနေပါတယ်။

XS
SM
MD
LG