မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့အထူးကိုယ်စားလှယ် နိုလင်းဟေဇာ Noeleen Heyzer ရဲ့ တာဝန် သက်တမ်းဟာလာမယ့် ဇွန်ထဲမှာကုန်ဆုံးတော့မယ်လို့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေငြာပါတယ်။
ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှုးချုပ်ဟောင်းလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ လာမယ့်ဇွန်လ ၁၂ ရက်နေ့မှာ သူ့အလုပ်တာဝန်တွေ ပြီးဆုံးတော့မှာဖြစ်တယ်လို့ အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရသူ Stephane Dujarric က ကုလသမဂ္ဂဆိုင်ရာ VOA သတင်းထောက် Christine Burgner ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။
အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့သြဂုတ်လတုန်းက သွားရောက်ပြီး အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါဝင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့သလို၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က မြန်မာနိုင်ငံအပေါ် သြဇာရှိတဲ့ တရုတ်ပြည်ကိုသွားရောက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးအပါအဝင် တရုတ်အစိုးရခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့သလို မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာပဋိပက္ခဖြစ်နေတဲ့ စစ်တပ်နဲ့အတိုက်အခံတွေ အကြား ဆွေးနွေးဖြေရှင်းနိုင်ရေးဟာခက်ခဲနေဦးမယ်လို့မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။
နိုလင်းဟေဇာဟာ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖြစ်လပေါင်း ၂၀ ကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မစ္စ ဟေဇာရဲ့သက်တမ်းကုန်ဆုံးပြီးနောက် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ အတွက်တော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး။