သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအကျပ်အတည်း ဒေသတွင်း စုပေါင်းဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း


Noeleen Heyzer, Special Envoy of the Secretary-General on Myanmar, briefs reporters at UN Headquarters. (Photo: Screenshot UN TV)
Noeleen Heyzer, Special Envoy of the Secretary-General on Myanmar, briefs reporters at UN Headquarters. (Photo: Screenshot UN TV)

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုလျော့ပါးဖို့၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ဖို့နဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီအုပ်ချုပ်တဲ့ အရပ်သားအစိုးရ ပြန်ဖြစ်လာဖို့အတွက် ဒေသတွင်းနိုင်ငံတွေက ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလအထူးကိုယ်စားလှယ် Noeleen Heyzer က ပန်ကြားလိုက်ပါတယ်။

မြန်မာအကျပ်အတည်း ဒေသတွင်း စုပေါင်းဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျော့ပါးဖို့၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ဖို့နဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီအုပ်ချုပ်တဲ့ အရပ်သားအစိုးရ ပြန်ဖြစ်လာဖို့အတွက် ဒေသတွင်းနိုင်ငံတွေက ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့ မြန်မာ့အရေးအတွက် အိန္ဒိယနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer က ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ပြိုကွဲပျက်စီးမှု မရှိအောင် ကာကွယ်ဖို့နဲ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကို အရေးတကြီး ထုတ်ဖေါ်ပြောဆိုပြီး သိသာတဲ့ တိုးတက်မှုတွေ ရစေဖို့ ၊ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ မြန်မာက ဦးဆောင်ဖြေရှင်းရေးအတွက် ဒေသတွင်းနိုင်ငံတွေ စုပေါင်းကြိုးစားမှုကို ထောက်ခံကြောင်းလည်း ပြောပါတယ်။

အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ မြန်မာ့အရေးအတွက် အိန္ဒိယတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ မေလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ နယူးဒေလီကို ပထမဆုံး သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ၊ နိုင်ငံခြားရေးအတွင်းဝန် Vinay Mohan Kwatra နဲ့ အိန္ဒိယအစိုးရရဲ့ ဘင်္ဂလားဒေ့ရှ် - မြန်မာ ဆိုင်ရာအတွင်းဝန် Smita Pant တို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံတွင်း ဖြစ်ပွါးနေမှုတွေဟာ အိန္ဒိယနိုင်ငံကိုပါ ရိုက်ခတ်မှုရှိနေကြောင်းနဲ့ မြန်မာနိုင်ငံတွင်း ဘက်အားလုံးက အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့၊ မြန်မာနိုင်ငံ ပြန်လည် တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီ ထွန်းကားရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်ကြောင်း အိန္ဒိယတာဝန်ရှိသူတွေက ပြောကြားသလို ကုလသမဂ္ဂနဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ထပ်လောင်း ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် အိန္ဒိယဖက်ကို ထွက်ပြေးခိုလှုံတဲ့ မြန်မာနိုင်ငံသား ၅၃,၀၀၀ ကျော်ကို လက်ခံထားတဲ့ အိန္ဒိယအစိုးရကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာ့အရေးကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာကို နားလည်ပါကြောင်းလည်း ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အခြေခံရမှာဖြစ်ပြီး အကြမ်းဖက်မှုတွေ လျော့ပါးအောင် လုပ်ဖို့၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ အမြန် ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG