သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီဆိုင်မြို့နယ်တွင်း စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာပြတ်လပ်


IDPs
IDPs

ဆီဆိုင်မြို့နယ်တွင်း စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာပြတ်လပ်

စစ်ရေးပဋိပက္ခကြောင့် ရှမ်းပြည်တောင်ပိုင်းမှာ ကာလကြာရှည် တိမ်းရှောင်နေရတဲ့ သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ ပြတ်လပ်ပြီး၊ ဒုက္ခကြုံနေ ကြရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြမှာပါ။


ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်က တိုက်ပွဲတွေကြောင့် ဆီဆိုင်မြို့နယ်ထဲ တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည် ရှစ်ထောင်ကျော်လောက် ရှိပါတယ်။
ဒုက္ခသည်တွေဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ အကူအညီရရှိမှု နည်းပါးလာသလို၊ အခုဆိုရင် အများစုမှာ စားနပ်ရိပ်က္ခာ ပြတ်လပ်ကုန်ပြီလို့ စစ်ရှောင်ကူညီနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။ တချို့ စစ်ရှောင်တွေ ဆန်ပြုတ်သောက်နေရပြီး တချို့ကတော့ ချေးငှါးပြီး စားသောက်ရေးကို ဖြေရှင်းနေတယ်လို့ပြောပါတယ်။

“ဆီဆိုင်စစ်ရှောင်က အခုလောလောဆယ်က ရိက္ခာတောင်ပြတ်သွားကြပြီ။ မဝေပေးနိုင်တာကတော့ − သင်္ကြန်ရှေ့တုန်းကကို ဝေတယ် အခုဆိုရင်တော့ မဝေဖြစ်တာ ၂ လကျော် ၃ လလောက် ရှိပြီးပေါ့ဗျာ။ တချို့စစ်ရှောင်ကတော့ သူတို့အခံ ပိုက်ဆံနည်းနည်းရှိတယ် အဲ့ဒါသူတို့ဝယ်စားနိုင်တယ်။ တချို့က အလုပ်နည်းနည်းရှိတယ် အလုပ်လုပ်ကြတာပေ့ါလေ စားသောက်ရေးသူတို့ ဖြေရှင်းလို့ရတယ်၊ တချို့က အလုပ်လည်းမရှိဘူး တချို့က ချေးစားတယ် ငှါးစားတယ်၊ ကြာလာတော့ ချေးစား ငှါးစား အဆင်မပြေဘူး၊ တချို့မိသားစုတွေက ကျနော်ဆီဖုန်းဆက်တယ် ကျနော်က လစဉ်ပေးဝေနေကြဆိုတော့လေ အခု မဝေပေးတာ ၃ လလောက်ဆိုတော့ ဆရာရေ…ဆန်မရှိတော့ဘူးလား ပေးပါဦး ၊ ဒီမှာလည်း မရှိတော့ဘူး၊ ချေးငှါးလည်း အဆင်မပြေဘူး ဆန်ပြုတ်စားနေရပြီ ။ ဆရာတို့မှာ နည်းနည်း မရှိဘူးလာ ရှိရင်ပေးပါဦး အဲ့ကနေ တောက်လျှောက်တော့ တောင်းလာတယ်ပေါ့။ ကျနော်ဆီမှာ သူတို့ စားနပ်ရိက္ခာလည်း ခက်တယ်။”

စစ်ရှောင်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတချို့နဲ့ လူမှုရေးအသင်းတွေက လာလှူကြပေမယ့် ရိက္ခာ လုံလောက်မှု မရှိပါဘူး။ လက်ရှိမှာ ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရပြီးမို့ ရှေ့ဆက် ဒီထက်မက ပိုမို ခက်ခဲလာမယ်လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။

နယ်ချင်းစပ် ကရင်နီနယ်တွင်း တိုက်ပွဲတွေကြောင့် ရှမ်းပြည်တောင်ပိုင်းက ဒေသခံတွေဟာ ဆီဆိုင်ဘက်မှာ လာရောက် ခိုလှုံကြတာပါ၊ တချို့သူကတော့ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတာ ၂ နှစ်ကျော်လောက် ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ဖယ်ခုံ-ပင်းလောင်မြို့နယ်စပ်က တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်က တောင်မဲသင်ကျေးရွာ လုံပျဉ်ကျေးရွာ တင်ကုန်ကျေးရွာ၊ နန်းနှိမ်းကျေးရွာက ဒေသခံ ခြောက်ထောင်ကျော်လောက် ပင်လောင်းမြို့ပေါ်မှာ တိမ်းရှောင်လာတာ ခုချိန်ထိ နေရပ် မပြန်နိုင်သေးပါဘူး။ ဒုက္ခသည်တွေဟာ တိမ်းရှောင်ရတဲ့အချိန်ကြာလာတာနဲ့အမျှ အစစအရာရာ ပိုခက်ခဲလာတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေကို အကူအညီပေးနေသူတဦးက ပြောပါတယ်။

“စစ်ရှောင်ခါစကျတော့ ဘယ်လိုလဲဆိုတော့ သူသူငါငါ လာပံ့ပိုးကြတယ်၊ သူသူငါငါ လာလှူဒါန်းကြတယ်၊ ဒါပေမယ့် အခုရက်ရှည်ကြာလာတဲ့အခါ လှူမယ့်လူတွေက နည်းသွားတာပေါ့နော်၊ သူတု့ိကို အဓိက နောက်ပိုင်းထောက်ပံ့မှုတွေက ဆန်နဲ့ဆီနဲ့ အဓိကတော့ ရှိပါတယ်။ ကျန်တဲ့ စားစရာတွေရော အထွေထွေ အသုံးစရိတ်တွေ အချိုမှုန့်တွေ ဆနွမ်းမှုန့်တွေ ပဲပုပ်တွေကအစ ထောက်ပံ့မယ့်လူ မရှိတော့ဘူး၊ အဝတ်အစားတွေက ဟိုအရင်ကတော့ လာတာများပါတယ် အခုနောက်ပိုင်းဆို လုံးဝ မရှိတော့ဘူး။”

ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ်က တောင်စလုံးကျေးရွာက တိုက်ပွဲကြောင့် ဖယ်ခုံမြို့ပေါ်မှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်တဦးကတော့ လက်ရှိ သူတို့ ကြုံနေရတဲ့ အခက်အခဲနဲ့ ပတ်သက်လို့ ခုလို ပြောပါတယ်။

“ ၃ လထဲ ရှိပြီးရှင့်။ စားသောက်ပိုင်းမှာတော့ အဆင်မပြေဘူးပေါ့နော် ဖြစ်သလိုပဲ စားသောက်နေရတယ်ရှင့် အိမ်မှာရှိတဲ့ဟာတွေနဲ့ ယူလာပြီး ဖြစ်သလိုပဲ စားသောက် နေရတာပေါ့နော်၊ ပြီးတော့ အလှူ.. အဲ့ဒီအလှူပိုင်းမှာတော့ မရဘူး၊ တချို့ရပ်ကွက်တွေမှာတော့ အလှူတွေရတယ်ပေ့ါနော်၊ ကျမတို့နေတဲ့ အိမ်တော့ မရောက်ဘူးရှင့်။ အခက်အခဲတွေတော့ မပြောတတ်ဘူး ဒီထက်တော့ ပိုတောင် ဆိုးဆိုးဖို့ပဲ ရှိတယ်ရှင့် ဟုတ်။”

ကာလကြာရှည် တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အများစုကတော့ အဓိက စားရေးသောက်ရေးနဲ့ အမိုးအကာ အကူအညီတွေ လိုအပ်နေကြတယ်လို့သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG