သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတောင်မှာ RCSS နဲ့ PNLO တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေ


RCSS တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ−Tai Freedom)
RCSS တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ−Tai Freedom)

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်အတွင်းမှာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဖြစ်တဲ့ ရှမ်း နဲ့ ပအိုဝ်းလက်နက်ကိုင်တွေကြားမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်ဖြစ်လာနေပါတယ်။ ပအိုဝ်းလက်နက်ကိုင်ဘက်ကတော့ သူတို့နယ်မြေ ကျူးကျော်လာတာကြောင့်လို့ ပြောဆိုပြီး ရှမ်းလက်နက်ကိုင်ဘက်ကတော့ ဒီနယ်မြေဟာ သူတို့ အမြဲ သွားလာလှုပ်ရှားနေတဲ့ နယ်မြေဖြစ်ကြောင်း တုံပြန်ထားကြပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက တိုက်ပွဲသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားကြတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တပ်ဖွဲ့တွေအကြားမှာ ပြီးခဲ့တဲ့ မတ်လ ၃၀ရက်နေ့နဲ့ ဒီလ ၃ရက်နေ့အကြားမှာ အနည်းဆုံး ပစ်ခတ်တိုက်ခိုက်မှု ၃ကြိမ်ဖြစ်ခဲ့တာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး အုမ်ခေးက VOA ကို အခုလို ပြောပါတယ်။

“၃၀ရက်နေ့၊ ၃၁ရက်နေ့ကတည်းက နည်းနည်းစလာတာပေါ့နော။ PNLO ဘက်ကနေပြီးတော့ ကျနော်တို့ လူရှိတဲ့နေရာကို လက်နက်ကြီး နည်းနည်းပါးပါး၊ လက်နက်ငယ် နည်းနည်းပါးပါး လှမ်းပစ်ပြီးတော့ ပြန်ဆုတ်သွားတော့ ကျနော်တို့ ပြန်လည် ခုခံတိုက်ခိုက်တာတော့ မရှိဘူးလေ။ မနေ့ကမှပဲ သူတို့ အင်နဲ့အားနဲ့ ကျနော်တို့ လူရှိတဲ့နေရာကို ဝင်တိုက်တာပေါ့နော။ ကဒူးကြီးနား နမ့်ပါတက်ရွာ အဲဒီရွာနားပေါ့နော။ ကျနော်တို့လူ ခနနားတဲ့ စခန်းသဘောမျိုး အဲဒီကို ဝင်တိုက်တယ်လို့ သိရတာပေါ့နော။”

ဧပြီလ ၃ရက်နေ့ တိုက်ပွဲဟာ နေ့ခင်း ၁၁နာရီလောက်ကစတင်ပြီး ၃နာရီခန့်ကြာ ဖြစ်ပွားခဲ့တာပါ။ နှစ်ဘက် ထိခိုက်ကျဆုံးတဲ့အခြေအနေကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ဒုဗိုလ်မှုးကြီး အုမ်ခေးက တိုက်ပွဲဖြစ်ပွားတာ နှစ်ဘက် နားလည်မှုလွဲမှားတာကြောင့် ဖြစ်နိုင်ကြောင်းနဲ့ တွေ့ဆုံဖို့ ကြိုးစားနေကြောင်း ဆက်ပြောပါတယ်။

“သူတို့ဘက်ကပြောတာကတော့ ကျနော်တို့ဘက်က လူက နယ်မြေကျူးကျော်တယ်လို့တော့ အသံထွက်တယ်ပေါ့လေ။ ကျနော်တို့ဘက်ကတော့လည်း အမြဲတမ်း သွားလာ လှုပ်ရှားနေတာကြာပြီ။ အဲဒီဒေသ အဲဒီဂွင်မှာ။ နယ်မြေကျူးကျော်တယ်ရယ်လို့တော့ မဟုတ်ဘူးပေါ့။ တစ်ဘက်နဲ့တစ်ဘက် နည်းနည်း အမြင်လွဲတာနေမှာပေါ့နော်။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေပေါ့၊ တွေ့ဆုံညှိနှိုင်းတာတော့ ကောင်းလိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်ပေါ့။ အဲဒီအတိုင်း စာလည်းထုတ်ထားတယ်။ ဒါပေမဲ့ အဲဒီညှိနှိုင်းချက်ကတော့ အဖြေမပေးသေးဘဲနဲ့ တိုက်ပွဲပဲ ဆက်ပြီးတော့ လုပ်လာလိုက်တော့ မဖြစ်သင့်ဘူးလို့တော့ ကျနော်တို့ ယူဆတာပေါ့နော်။”

NCA အပစ်ရပ်စာချုပ်အရ ဒီနယ်မြေကို သူတို့ထိန်းချုပ်ဒေသအဖြစ် သတ်မှတ်ထားတာကြောင့် ဒါကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း PNLO ရဲ့ တွဲဘက်အထွေထွေ အတွင်းရေးမှု ၁ ခွန်မင်းသိန်းက ပြောပါတယ်။

“အဲဒီနယ်ကတော့ NCA အရဆိုရင် PNLO ရဲ့ အခြေပြုဒေသဖြစ်တယ်။ NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းကတော့ အသိအမှတ် ပြုရမှာပေါ့။ အဓိကကတော့ ကျနော်တို့ နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်ရင်း တိုက်ပွဲတွေ ဖြစ်သွားတာပေါ့။”

နယ်မြေအငြင်းပွားမှုကို တချိန်ချိန်မှာ တွေ့ဆုံညှိနှိုင်းနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသဟာ ပအိုဝ်းတော်လှန်ရေး စတင်ခဲ့တဲ့ဒေသဖြစ်သလို ပအိုဝ်းနီခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) က ထိန်းချုပ်ခဲ့တဲ့ နယ်မြေဖြစ်ပါတယ်။

၁၉၉၄ခုနှစ်မှာ ရလလဖ က နဝတ အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ၂၀၀၇ခုနှစ်မှာ ရလလဖ ပြိုကွဲခဲ့တဲ့နောက် RCSS က ကဒူးကြီး ဒေသအတွင်း ဝင်ရောက် လှုပ်ရှားခဲ့ပါတယ်။

၂၀၁၄ခုနှစ် အတွင်းမှာတော့ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ PNLO နဲ့ RCSS အကြား လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ၂၀၁၅ခုနှစ် NCA အပစ်ရပ်လက်မှတ် ရေးထိုးချိန်မှာတော့ PNLO အခြေပြုဒေသအဖြစ် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

RCSS နဲ့ PNLO အဖွဲ့တွေဟာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေဖြစ်သလို လက်ရှိ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေလည်း ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

[[Unicode]]
















ဆက်စပ်သတင်းများ ...

XS
SM
MD
LG