သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် RCSS ရှမ်းတပ်ဖွဲ့နဲ့ PNLO ပအိုဝ်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်


PNLO နဲ့ တိုက်ပွဲအတွင်း RCSS က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (မေ ၊ ၂၀၂၃) ဓာတ်ပုံ - Tai Freedom
PNLO နဲ့ တိုက်ပွဲအတွင်း RCSS က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (မေ ၊ ၂၀၂၃) ဓာတ်ပုံ - Tai Freedom

NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ ရှမ်း နဲ့ ပအိုဝ်း လက်နက်ကိုင်အဖွဲ့တွေကြားမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာမှာ ပအိုဝ်း တပ်ဘက်က အနည်းဆုံး ၂ဦးကျဆုံးပြီး၊ ၂ဦးပျောက်ဆုံးနေပါတယ်။ RCSS ရှမ်းတပ်နဲ့ PNLO ပအိုဝ်း တပ်တွေဟာ မောက်မယ်မြို့နယ်အတွင်းမှာ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး နှစ်ဘက်အကြား တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း နှစ်ဘက်စလုံးက ပြောဆိုနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က တပ်ဖွဲ့တွေဟာ ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်က ဟိုနမ့်ရွာအနီးမှာ စနေနေ့ မနက်ပိုင်း ၅နာရီလောက်က စတင် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

PNLO ဘက်က သူတို့ရဲ့ ထီဖက်နံ တပ်စခန်းကို RCSS ဘက်က သာလွန်အင်အားနဲ့ ဝင်ရောက် တိုက်ခိုက်တာဖြစ်ကြောင်း၊ ၂နာရီကျော်ကြာဖြစ်တဲ့ တိုက်ပွဲအတွင်းမှာ သူတို့ဘက်က ၂ဦးကျဆုံးပြီး၊ ၂ဦးပျောက်ဆုံးနေကြောင်း PNLO ရဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရုဲင်းယံက VOA ကို ပြောပါတယ်။

“မောက်မယ်မြို့နယ်ထဲမှာပေါ့လေ၊ ဟိုနမ့်ဘက်မှာပေါ့လေ။ အဲဒါ စခန်းအသေးလေး၊ အဲဒီစခန်းကို RCSS က သာလွန်အင်အားပေါ့လေ။ ကျနော်တို့ စခန်းမှာရှိတာက လူ ၁၀ယောက်လောက်ပေ့ါနော်။ အဲဒါ RC ဘက်ကနေ လူ ၁၂၀နဲ့ လာတိုက်တယ်လို့တော့ သတင်းရတယ်။ ကျနော်တို့ဘက်က ၂ယောက် ကျသွားတယ်ပေါ့နော်။ ၂ယောက်ကျသွားတယ်။ ကျန်တဲ့ ၂ယောက်က အခုထိ ပြန်မတွေ့သေးဘူး။ ပျောက်နေတယ်ပေါ့နော်။”

RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးခမ်းစံကတော့ သူတို့တပ်ဖွဲ့ကို PNLO က ချောင်းမြောင်း ပစ်ခတ်လို့ တိုက်ပွဲဖြစ်တာ ဖြစ်ကြောင်းနဲ့ တိုက်ပွဲအပြီး ရှင်းလင်းစဉ်မှာ သေဆုံးသူ ၅ယောက်နဲ့ လက်နက်အချို့ သိမ်းဆည်းရခဲ့ကြောင်း ပြောပါတယ်။

“ဒီ မောက်မယ်ထဲမှာ မနက်ပိုင်း တိုက်ပွဲစဖြစ်တယ်ခင်ဗျ။ အရင်တုံးကလည်း PNLA တွေက ကျနော်တို့ တပ်စု၊ တပ်ဖွဲ့တွေကို သူတို့ လာချောင်းချောင်း ပစ်တာရှိတယ်။ ကျနော်တို့လည်း တန်ပြန်ပြီးမှ အရေးယူဆောင်ရွက်မှုရှိတယ်။ စစ်ကြောင်းတွေ ကပ်လာလို့ ရှိရင် ကျနော်တို့လည်း ပြန်ပစ်ရတယ်လေ။ နောက်ပစ်တော့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်ခင်ဗျ။ တိုက်ပွဲဖြစ်သွားပြီးတဲ့နောက် ကျနော်တို့ နယ်မြေရှင်းတဲ့အချိန်မှာ သူတို့ရဲ့အလောင်း ၅လောင်း ရတယ်ခင်ဗျ။ နောက် လက်နက် ၅လက်ရတယ်။ နောက် စစ်အသုံးအဆောင်ပစ္စည်း ရတာပေါ့နော်။ နောက် ရွာသားတွေဖမ်းပြီးမှ ချုပ်ထားတဲ့ဟာတွေ ၆ယောက် ကယ်ဆယ်နိုင်ခဲ့တယ်ခင်ဗျ။”

မောက်မယ်မြို့နယ်အတွင်းမှာ RCSS နဲ့ PNLO အကြား နယ်မြေအငြင်းပွားမှုတွေရှိပြီး မကြာခန တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ဒီပြဿနာတွေ ပြေလည်ဖို့ဆိုရင် နှစ်ဘက် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း၊ လောလောဆည် RCSS တပ်တွေ ပြန်လည် ရုတ်သိမ်းထားကြောင်း ဗိုလ်မှုးခမ်းစံက ပြောပါတယ်။

“အကောင်းဆုံးကတော့ တွေ့ဆုံပြီးတော့ ဖြေရှင်းလိုက်ရင် ပြီးပြီခင်ဗျ။ အောက်ခြေမှာဖြစ်တဲ့ ပြဿနာပဲလေ။ မျက်နှာချင်းဆိုင်ပြီးတော့ ဖြေရှင်းလိုက်ရင် ပြီးမြောက်မယ်လို့ ယူဆတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့ အထက်ပိုင်းမှာကျတော့ အစည်းအဝေး အတူတက်ကြတယ်။ ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်း ရှိကြတယ်။ ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ အောက်ခြေတပ်ကျတော့ သူတို့ အမိန့်နာခံမှု နည်းတာလား၊ ဒါမှမဟုတ် ထိန်းချုပ်မှု မရှိတာလား မသိဘူးလေ။ အခု တိုက်ပွဲ တည်ငြိမ်သွားပြီဆိုတော့ ကျနော်တို့လည်း အင်အားကို ပြန်ဆုတ်လိုက်ပြီ ခင်ဗျ။”

PNLO ရဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရုဲင်းယံကလည်း နှစ်ဘက် တွေ့ဆုံဖြေရှင်းရေးဟာ အကောင်းဆုံး ဖြစ်ကြောင်း ပြောပါတယ်။

“နှစ်ဘက်အဖွဲ့အစည်းက လူကြီးတွေ တွေ့ဆုံပြီး ဖြေရှင်းရင်တော့ အကောင်းဆုံးပေါ့။ နှစ်ဘက် ဖြေရှင်းတဲ့ ကိစ္စကျတော့ အဖွဲ့ ဗဟိုကော်မတီဝင်တွေက အစည်းအဝေးပြီးတော့ ပြောရမယ့် ကိစ္စတွေဖြစ်တယ်။ ကျနော်တို့ အဖွဲ့ရဲ့ မူဝါဒကတော့ ငြိမ်းချမ်းစေချင်တဲ့ မူဝါဒ ရှိပါတယ်လို့ပဲ ပြောချင်ပါတယ်။”

မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသဟာ ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေး စတင်ရာဒေသဖြစ်ပြီး နောက်ပိုင်းမှာ ဦးတာကလယ် ဦးဆောင်တဲ့ ရလလဖ ခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့က အခြေစိုက်ခဲ့ တာဖြစ်ပါတယ်။

ရလလဖ အဖွဲ့ ပြိုကွဲခဲ့တဲ့နောက်မှာ RCSS တပ်ဖွဲ့တွေ အခြေပြုလှုပ်ရှားလာခဲ့ရာက ၂၀၁၅ မှာ NCA စာချုပ်အရ PNLO အဖွဲ့ အခြေစိုက်လာတဲ့အခါ RCSS နဲ့ PNLO အကြား နယ်မြေအငြင်းပွားတာတွေ ဖြစ်ခဲ့သလို စစ်ရေး ပဋိပက္ခတွေလည်း ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ကုန်ပိုင်းကနေ ဧပြီလဆန်းပိုင်းအတွင်းမှာလည်း RCSS နဲ့ PNLO အကြား အနည်းဆုံးတိုက်ပွဲ ၃ကြိမ်လောက်ဖြစ်ခဲ့ပါတယ်။

ဒီလ ၂၁ရက်နေ့ သန်းခေါင်အချိန်ခန့်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာကြောင့် သိန္နီလမ်းအထွက် လားရှိုးမြို့စွန်ရှိ နည်းပညာ အထက်တန်းကျောင်းက ခေါင်မိုး၊ မျက်နှာကျက်နဲ့ ပြတင်းပေါက်အချို့ ပျက်ဆီးခဲ့ကြောင်း၊ ကျောင်းအနီးရှိ စစ်မှုထမ်းဟောင်း ရပ်ကွက်ထဲကိုလည်း လက်နက်ကြီးကျည် ကျရောက်တာကြောင့် နေအိမ်တချို့ ထိခိုက်ပျက်ခဲ့ကြောင်း လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီလ ၂၀ရက်နေ့ ညနေပိုင်းမှာ ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် ပန်မွန်းရွာ အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တအန်းတပ်ဖွဲ့တို့အကြား ၂နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA က သတင်း ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်တိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ TNLA ပြောခွင့်ရသူကို ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG