သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းထန်


ဟားခါးမြို့တွင်းတစ်နေရာ (ယခင်ပုံဟောင်း)
ဟားခါးမြို့တွင်းတစ်နေရာ (ယခင်ပုံဟောင်း)

ချင်းပြည်နယ် ဟားခါးနဲ့ထန်တလန်မြို့ကြားမှာ ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး လေယာဉ်တွေနဲ့ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသလို နှစ်ဘက်ထိခိုက် ကျဆုံးတာတွေရှိပါတယ်။ ဟားခါးမြို့ပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြပေးမှာ ဖြစ်ပါတယ်။

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်မြို့ကြားကို စစ်တပ်က အင်အား အများအပြားနဲ့ နယ်မြေရှင်း စစ်ကြောင်းထိုးနေပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတာပါ။ စစ်တပ်က အခုလို မြေပြင်ကနေ ထိုးစစ်ဆင်တာတွေအပြင် ဝေဟင်ကနေပါ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစ လေကြောင်းကပါ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေအတွင်းနှစ်ဘက် အကျအဆုံးတွေ ရှိခဲ့တယ်လို့လည်း ချင်းအမျိုးသား တပ်မတော် CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဗွီအိုအေကို အခုလို ပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ အခုဆက်လက်ပြီးတော့ ဖြစ်နေတာပဲ။ ဟားခါးမြို့ကနေ ထန်တလန်မြို့နယ်ဘက်ကို စစ်ကြောင်း ၂ ခုနဲ့ထိုးလာတာပေါ့။ စစ်ကြောင်းနဲ့အတူ သူတို့ အဓိက ဂျက်ဖိုက်တာနဲ့ လေယာဉ်လည်းသုံးတယ်။ ပြီးတော့ဟားခါးနဲ့အနီးတဝိုက်ဆိုတော့ လက်နက်ကြီးတွေနဲ့ သူတို့က ကျွန်တော်တို့ကို တရစပ်ထုတာပေါ့နော်။ ဟိုနေ့က သူတို့ဘက်က လက်နက်ကြီးကြောင့် ကျွန်တော်တို့ဘက်က အထိခိုက်အကျအဆုံးတွေရှိတာပေါ့။ တိုက်ပွဲကတော့ ဆက်လက်ပြီး ဖြစ်နေဦးမယ့် အနေအထားမှာ ရှိပါတယ်။ ထန်တလန်မြို့ပေါ်မှာတော့ သူတို့ တပ်ကုန်းတနေရာတော့ ရှိတာပေါ့။ အဲ့မှာသူတို့ရယ် ကျွန်တော်တို့ရယ် အဲ့သလိုရှိတာပေါ့ သူတို့က တပ်တွေထပ်မထည့်နိုင်တော့ဘူးပေါ့။ ထန်တလန်မြို့ပေါ် တပ်ကုန်းကို ပြန်လည်တည်ဆောက်ပြီးတော့ မြေပြင်စိုးမိုးမှုကို ပြန်လုပ်ချင်တဲ့ သဘောမှာရှိတယ်။”

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။ စစ်တပ်ဟာ ထန်တလန်ရဲစခန်းနဲ့ ထန်တလန်မြို့အဝင် ကုန်းပေါ်မှာ တပ်စွဲထားတာဖြစ်ပြီး ရဲစခန်းနေရာကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာလို့လည်း ကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းနေကြပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ဟားခါးနဲ့ထန်တလန်မြို့အကြား ဟားခါးမြို့နဲ့ ၈ မိုင်ကွာဝေတဲ့ သီမစ်အနီးမှာ ဖြစ်ပြီး ဟားခါးမြို့နဲ့ နီးတဲ့အတွက် ဟားခါးမြို့ပေါ်ကနေပါ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာပါ။

လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်ပြီး လေယာဉ်တွေပျံသန်းတာတွေရှိတဲ့အတွက် မြို့ခံတွေမှာ စိုးရိမ်နေတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“ဟားခါးမြို့မှာ လွတ်လပ်ရေးကျောက်တိုင်ပေါ့ ခရိုင်မီးသတ်ရုံးရဲ့ရှေ့ ဟားခါးမြို့ရဲ့ အနောက်ဖက်မှာ လက်နက်ကြီး ၁၂၀ နဲ့ ၁၂၂ ရှိတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်။ အဲ့ဒီကနေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဟားခါးနဲ့ ထန်တလန်ကြား သီမစ်ဘက်ကို အမြဲတမ်းပေါ့ လက်နက်ကြီးတော့ ပစ်နေတယ်ဆိုတဲ့ဟာ တမြို့လုံးက တုန်လှုပ်နေတာပေါ့။ ဟားခါးမြို့မှာဆိုရင် နေ့တိုင်းလိုလိုပေါ့ လေယာဉ်သံအမြဲတမ်းကြားရတယ်။ လက်နက်ကြီးသံဆိုရင် တညလုံး လေယာဉ်သံတွေနဲ့ကြားရတယ်။ တော်တော်လေး ဒေသခံတွေအနေနဲ့ အမြဲတမ်း တုန်လှုပ်တာပေါ့။ အမြဲတမ်း သေနတ်သံ လေယာဉ်သံ ကြားရတယ်ဆိုတော့ အကုန်လုံး စိုးရိမ်ထိတ်လန့်နေကြတယ်။”

စစ်တပ်က အခုလို စစ်ကြောင်းထိုးဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ပထမအပတ်ကတည်းကစလို့ သံချပ်ကာယာဉ် ၂ စီးအပါအဝင် ကားအစီး ၃၀ နဲ့ ကလေးမြို့ကနေ ဟားခါးမြို့ကို ထွက်ခွါလာခဲ့ပြီး ဟားခါးနဲ့ဖလမ်းကြားမှာ ချင်းကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ဟားခါးမြို့အနီးမှာ စစ်ယာဉ်တန်းအားလုံးကို ဖျက်စီးနိုင်ခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့တွေဘက်က ပြောပါတယ်။

ဒါ့အပြင် ဂန့်ဂေါဘက်ကနေတဆင့် ဟားခါးမြို့ဘက်ကိုလည်း တပ်အင်အားဖြည့်တင်းတာတွေရှိခဲ့ပြီးနောက်မှာ အခုလို နှစ်ဘက်အကျအဆုံးတွေရှိတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်လာတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG