သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒဏ်သင့် ချင်းပြည်နယ်မှာ အဆက်အသွယ်တွေပြတ်တောက်


ချင်းပြည်နယ်ကို မိုခါမုန်တိုင်း ဝင်ရောက်ခဲ့လို့အပျက်အစီးများခဲ့ (မေ ၊၂၀၂၃) ဓာတ်ပုံ - Zalen
ချင်းပြည်နယ်ကို မိုခါမုန်တိုင်း ဝင်ရောက်ခဲ့လို့အပျက်အစီးများခဲ့ (မေ ၊၂၀၂၃) ဓာတ်ပုံ - Zalen

ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးတာတွေရှိခဲ့တဲ့ ချင်းပြည်နယ်က တီးတိန်၊ ပလက်ဝ၊ မတူပီနဲ့ ဟားခါးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေအဖြစ် သတ်မှတ်ထားပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ချင်းပြည်နယ်အတွင်းက ပျက်စီးဆုံးရှုံးမှု အနေအထားကို ဆက်သွယ်ရေး အခက်အခဲကြောင့် အတိအကျရနိုင်ဖို့ ခက်ခဲနေတယ်လို့ ပြင်ပကနေ စာရင်းပြုစုနေသူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မအိသန့်စင်က ပြောပြမှာပါ။

ပလက်ဝမြို့ အနီးကနေ ချင်းပြည်နယ်ထဲ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်ပြီးတဲ့နောက် ထိခိုက်ပျက်စီး ဆုံးရှုံးတာတွေရှိခဲ့တဲ့ တီးတိန်၊ ပလက်ဝ၊ မတူပီနဲ့ ဟားခါးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေအဖြစ် စစ်ကောင်စီက ကြေညာထားပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ချင်းပြည်နယ်အတွင်းက ပျက်စီးဆုံးရှုံးမှု စာရင်းတွေကို ရရှိနိုင်ဖို့က ဆက်သွယ်ရေး အခက်အခဲကြောင့် အတိအကျ မရနိုင်သေးဘူးလို့ ချင်းလူငယ်အဖွဲ့က ပြောပါတယ်။

"မြို့တွင်းထဲမှာ အိမ်ခြေ ၄၀၀ ဝန်းကျင် ဆုံးရှုံးတယ်။ အမိုးလန်သွားတယ်ဆိုတာတော့ သိရတယ်။ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကယ်ဆယ်ရေး အသင်းတွေ၊ လူငယ်တွေ ပေါင်းပြီးတော့ ပြည်သူတွေကို လုပ်ပေးနေတာ ရှိတယ်လို့တော့ ကျနော်တို့ သိရတယ်။ ကျနော် သိရသလောက်တော့ မတူပီရော၊ ချင်းပြည်နယ် တခုလုံးဆို အလုံး ၇၀၀ ဝန်းကျင်လောက်တော့ ဆုံးရှုံးမယ်။ လောလောဆယ်တော့ မြေပြင်အခြေအနေက (ဖုန်း)လိုင်းတွေဖြတ်တောက် ထားတာဆိုတော့လေ အဆက်အသွယ်တော့ လုပ်လို့မရသေးဘူး။ တဆင့်စကား တဆင့်နဲ့ ဒီလိုသတင်းတွေ ရနေတာပေါ့။"

ချင်းပြည်နယ်မှာ မုန်တိုင်းဒဏ်ကြောင့် ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်းနဲ့ လူနေအိမ်ခြေ အတော်များများ ပျက်စီးခဲ့ပြီး၊ တချို့ရွာဘက်မှာရှိတဲ့ အိမ်ခြေတွေဆိုရင် အိမ်အလုံးလိုက် လေထဲပါသွားပြီး ပျက်စီးတာတွေလည်း ရှိခဲ့တယ်လို့ စာရင်း ကောက်ယူနေသူတွေက ပြောပါတယ်။ မြို့နယ်တချို့က ပြည်သူ့ကာကွယ်ရေး တပ်ဌာနတွေ ထိခိုက်ပျက်စီးပြီး၊ အခုချိန်ထိတော့ လူအသေအပျောက်သတင်း မကြားရသေးဘူးလို့ Chin Health Organization (CHO) ကလည်း ထုတ်ပြန်ထားပါတယ်။

မတူပီမြို့မှာ ဖုန်းလိုင်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ဖြတ်တောက်ထားလို့ ဆက်သွယ်နိုင်ဖို့ ခက်ခဲနေပြီး၊ တခြားမြို့တွေဆီလည်း မုန်တိုင်း တိုက်ခတ်ပြီးကတည်းက ဖုန်းခေါ်ဆိုဖို့ ခက်နေတယ်လို့ စာရင်းကောက်ယူ နေသူတွေက ပြောပါတယ်။ ချင်းပြည်နယ်ကနေ ရောက်လာတဲ့ သူတွေဆီကပဲ စာရင်းရသလောက် ကောက်ယူထားတဲ့ အခြေအနေကို ချင်းပြည်နယ်က အကူအညီလိုသူတွေအတွက် ကူညီဆောင်ရွက်ပေးနေသူ တဦးက အခုလို ပြောပြပါတယ်။

"ကျမတို့နဲ့ အဲဒီဘက်က ဖုန်းအဆက်အသွယ် လုံးဝမရှိတော့ အခုလာတဲ့ လူကြုံတွေ တယောက်စ၊ နှစ်ယောက်စဆီကနေ အခြေအနေမေး စုဆောင်းနေရတာဆိုတော့ လောလောဆယ် အထိကတော့ ကျမတို့ စာရင်းအတိအကျ မရနိုင်သေးဘူး။ ရသလောက် စာရင်းအရဆို အခုထိတော့ အသေအပျောက် မရှိဘူး။ ဘာကြောင့်လဲဆို ကြိုတင်ပြီးတော့ သူတို့ရှောင်ရှားတယ်။ ပျက်စီးဆုံးရှုံးမှုက တမြို့နယ်လုံးဆို ၂၀၀ ကျော်မယ်လို့တော့ ထင်တယ်။ သူတို့ပြောတဲ့ ရွာတွေစာရင်းအရ ကျမတို့က အကြမ်းဖျဉ်းပဲ ခန့်မှန်းနိုင်သေးတယ်။ အကုန်လုံး ဒေတာပေါင်းစုံနဲ့ သတင်းအစုံ မရနိုင်သေးဘူး။ ကျမတို့ဆီမှာ ဖုန်းလိုင်းက လုံးဝပိတ်ပြီလေ။ ဇန်နဝါရီကတည်းက ပိတ်တာဆိုတော့ ဖုန်းမရှိတဲ့အခါကျတော့ ဆက်သွယ်ဖို့က လုံးဝမရဘူး။ အဲတော့ ရောက်လာတဲ့ လူကြုံတွေဆီကနေပဲ တဆင့်ပြီးတဆင့် လေ့လာရတာဆိုတော့ အစုံတော့ ကျမတို့ မရနိုင်သေးဘူးရှင့်။"

ချင်းပြည်နယ်ကို မိုခါမုန်တိုင်း ဝင်ရောက်ခဲ့လို့အပျက်အစီးများခဲ့ (မေ ၊၂၀၂၃)
ချင်းပြည်နယ်ကို မိုခါမုန်တိုင်း ဝင်ရောက်ခဲ့လို့အပျက်အစီးများခဲ့ (မေ ၊၂၀၂၃)

ချင်းပြည်နယ်မှာ မုန်တိုင်းဒဏ်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု၊ သောက်သုံးရေနဲ့ အစားအသောက်၊ ဆေးဝါး လိုအပ်တာတွေကို CHO က ဆောင်ရွက်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဆက်သွယ်ရေး အခက်အခဲကြောင့် အဆောက်အအုံနဲ့ လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှု စာရင်းကို အတိအကျရနိုင်ဖို့ ခက်ခဲနေပါတယ်။

ချင်းပြည်နယ်ကို မုန်တိုင်းဝင်ရောက်ပြီး ၃ ရက်ကြာလာချိန်အထိ ချင်းပြည်နယ်တခုလုံးမှာ အဆောက်အအုံနဲ့ လူနေအိမ်ခြေ ၇၀၀ ဝန်းကျင် ပျက်စီးခဲ့ပြီး၊ လူအသေအပျောက်တော့ မရှိဘူးလို့ စာရင်းကောက်ယူ နေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG