သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် ကနဦးအကူအညီ အမေရိကန် ဒေါ်လာ ၂ သိန်း ထောက်ပံ့မည်

ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်း ဝင်ရောက်နေစဉ် (ဓာတ်ပုံ-Partners Relief and Development/Handout via REUTERS)
ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်း ဝင်ရောက်နေစဉ် (ဓာတ်ပုံ-Partners Relief and Development/Handout via REUTERS)

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒုက္ခရောက်သူတွေကို အမေရိကန်က အကူအညီပေးဖို့ ကနဦးအစီအစဉ်အဖြစ် ဒေါ်လာ ၂ သိန်း ထောက်ပံ့မယ့်အကြောင်း ကြေညာလိုက်ပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေအတွက် အမေရိကန် နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ (USAID) ကတဆင့် ပေးအပ်မယ့် ကနဦးအစီအစဉ်မှာ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တို့ ပါဝင်မှာ ဖြစ်ကြောင်းလည်း ဒီကနေ့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံက အဆင်းရဲဆုံး ဒေသတွေမှာ ပါဝင်တဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ မုန်တိုင်းနောက်ဆက်တွဲ ခိုလှုံစရာနဲ့ ရေ ရရှိရေးတို့လို အရေးပေါ် အကူအညီတွေအတွက် အထောက်အပံ့ဖြစ်ဖို့ ရည်ရွယ်ကြောင်းလည်း ပြောပါတယ်။ တနင်္ဂနွေနေ့က ရခိုင်ပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ အင်အားပြင်း ဆိုင်ကလုန်း မိုခါကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှု သတင်းတွေ ထွက်ပေါ်လာနေချိန်မှာပဲ အမေရိကန်က အကူအညီပေးဖို့ ကြေညာလိုက်တာပါ။ ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံက မုန်တိုင်းသင့်သူတွေ အတွက်လည်း ဒေါ်လာ ၂ သိန်းခွဲ အကူအညီပေးမယ့်အကြောင်း ဒီကနေ့ပဲ ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကလည်း အင်အားပြင်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို ဆန်းစစ်လေ့လာနေကြပြီး၊ အရေးပေါ် အကူအညီပေးတွေ အမြန်ဆုံး ပေးအပ်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ ထိခိုက်မှုနဲ့ ဦးစားပေး လိုအပ်ချက်တွေကို သုံးသပ်နိုင်အောင် အမေရိကန်ကလည်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG