သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်းမုန်တိုင်းသင့် ဒေသတချို့မှာ ကုန်ပစ္စည်းရှားပါးမှုနဲ့ကြုံ


မိုခါမုန်တိုင်းကြောင့် အပျက်အစီးများပြား (ရခိုင်ပြည်နယ်၊ မေလ ၁၅၊ ၂၀၂၃)
မိုခါမုန်တိုင်းကြောင့် အပျက်အစီးများပြား (ရခိုင်ပြည်နယ်၊ မေလ ၁၅၊ ၂၀၂၃)

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဒေသတချို့မှာ ကုန်ပစ္စည်း ရှားပါးမှုတွေနဲ့ ကြုံနေရပါတယ်။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ကြုံနေရချိန်မှာ ကုန်သည်တွေ ဈေးတင်မရောင်းကြဖို့လည်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေ တိုက်တွန်းနေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကို အခြေခံပြီး မဆုမွန်က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေနဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ချင်းနဲ့ မကွေးတိုင်းတို့မှာ အိမ်အမိုးအကာတွေ စျေးတက်နေပြီး လိုအပ်ချက်လည်း များနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် သွပ်ပြားအမိုးတွေနဲ့ အခြေခံစားသောက်ကုန်တွေ စျေးထက်ဝက် တက်သွားတယ်လို့ ရခိုင်ပြည်နယ် မေတ္တာရောင်ခြည်အသင်း ဒုဥက္ကဋ္ဌ ကိုကျောက်ချိုင်က ဗွီအိုအေကို ပြောပါတယ်။

"စားနပ်ရိက္ခာ ဆန်အိတ်တွေရော၊ အာလူးတွေရော၊ ပဲအိတ်တွေရော အကုန်လုံးကို စျေးတင်ထားတာဗျ။ အခုက ဓာတ်ဆီတွေရော အကုန်လုံးပေါ့။ ဒီကလူတွေက အဲလိုပါပဲ ဒုက္ခရောက်ပြီဆိုတာနဲ့ အကုန်လုံး စျေးတင်တော့တာပဲ။ အမိုးအကာတွေရော၊ ဆန်တွေရော၊ ဆီတွေရော အကုန်လုံးကို စျေးက နှစ်ဆလောက် ပေးဝယ်နေရတာ။"

မုန်တိုင်းသင့်ဒေသတွေမှာ ဇီယာဆန်တအိတ်ကို ကျပ်တစ်သိန်း ဝန်းကျင်အထိ ရောင်းချနေကြတာပါ။ အခု နိုင်ငံတကာအဖွဲ့တွေ၊ ကုလအဖွဲ့အစည်းတွေနဲ့ ရပ်ရွာက အသင်းအဖွဲ့တွေ ပူးပေါင်း လုပ်နေကြတယ်ဆိုပေမဲ့ ဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် အရေးပေါ် အကူအညီတွေ ချက်ချင်း ရောက်မလာသေးပါဘူး။ ဘုန်းကြီးကျောင်းတွေ၊ ရပ်ရွာ အသင်းအဖွဲ့တွေကပဲ ဒုက္ခရောက်နေသူတွေကို ကျွေးမွေးထားရတယ်လို့ သူကပြောပါတယ်။

မိုခါမုန်တိုင်းဟာ ချင်းနဲ့ မကွေးတိုင်း ဒေသတွေကိုလည်း တနာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ တိုက်ခတ်ခဲ့ပါတယ်။ မကွေးတိုင်း၊ စလင်းနဲ့ ဆင်ဖြူကျွန်း မြို့နယ်တွေမှာ ကျေးရွာအမြာက်အများ ရေကြီးနစ်မြုပ်ခဲ့တာပါ။ အထွေထွေ ကုန်စည်စျေးတွေ တက်နေတာနဲ့ပတ်သက်ပြီး မကွေးတိုင်းက ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း တာဝန်ခံတဦးက အခုလိုပြောပါတယ်။

"ကျနော်တို့ ထုံးစံအတိုင်းကို ဖြစ်နေပြီပေါ့နော်။ တကယ်တော့ ကျနော်တို့ အဲလိုမျိုး မဖြစ်သင့်ဘူး။ တတ်နိုင်တဲ့သူတွေကလည်း ဒုက္ခရောက်နေသူတွေဆီကနေ မတန်တဆ အကျိုးအမြတ်တင်ပြီး ရောင်းတာတွေဘာတွေ မဖြစ်သင့်ဘူးပေါ့နော်။"

ကုလကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ ဌာနေကိုယ်စားလှယ် Mr Stephen Anderson ကတော့ သူတို့အနေနဲ့ စစ်တွေက မုန်တိုင်းရှောင်နေသူတွေဆီ အရေးပေါ် စားနပ်ရိက္ခာတွေ အရင်ဦးဆုံး စတင်ပေးပို့တော့မယ်လို့ ပြောပါတယ်။ ရခိုင်က မုန်တိုင်းသင့် ဒေသတွေတင် မဟုတ်ဘဲ ချင်းနဲ့ မကွေးတိုင်း ဒေသတွေကိုလည်း ကူညီသွားမယ်လို့ VOA ကို အီးမေးကတဆင့် ပြောခဲ့ပါတယ်။

သူတို့ဟာ အသက်ကယ်ဆယ်ရေး အကူအညီတွေကို အရေးပေါ်လိုနေပြီး ရေတိုရေရှည် အထောက်အပံ့တွေ လိုနေကြောင်းလည်း ပြောပါတယ်။ ဒီထဲမှာ အသက်မွေးဝမ်ကြောင်း လုပ်ငန်း၊ အခြေခံအဆောက်အဦး၊ ကျန်းမာရေးနဲ့ တခြားဝန်ဆောင်မှုတွေ လိုအပ်လိမ့်မယ်လို့ ပြောပါတယ်။

အခု စစ်တွေနဲ့ မောင်တောမှာ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေကို အမြန်ဆုံးဖြန့်ဝေဖို့ နေ့ညမနား လုပ်ဆောင်နေကြောင်းနဲ့ ရန်ကုန်က WFP ကုန်သိုလှောင်ရုံတွေကနေ ရိက္ခာတွေ ထပ်ပို့ဖို့လည်း စီစဉ်နေကြောင်း WFP ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်နေလို့ ရခိုင်ပြည်နယ်က ထိခိုက်သေဆုံးသူ အရေအတွက်ကို အတိအကျ မရနိုင်သေးပါဘူး။ ခိုင်မာတဲ့ အဆောက်အဦး ကြီးကြီးမားမားကလွှဲလို့ အားလုံးနီးပါး ပျက်စီးခဲ့ကြောင်း အရပ်ဘက် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG