သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ အသေအပျောက် စာရင်းတိုး


အင်အားပြင်ဆိုင်ကလုံး"မိုခါ" ဝင်ရောက်အပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဝေဟင်မှတွေ့ရစဉ် (မေ ၁၅၊ ၂၀၂၃)
အင်အားပြင်ဆိုင်ကလုံး"မိုခါ" ဝင်ရောက်အပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဝေဟင်မှတွေ့ရစဉ် (မေ ၁၅၊ ၂၀၂၃)

အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ထိခိုက်သေဆုံးမှု အနည်းအကျဉ်းသာ ရှိတဲ့အကြောင်း တရားဝင် ကြေညာချက်တွေနဲ့ ကနဦး သတင်းတွေထွက်ခဲ့ပေမယ့် မုန်တိုင်းဝင်ပြီး နှစ်ရက်အကြာ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ အရေအတွက် တိုးလာနေပါတယ်။ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှာ ရှိတဲ့ Khaung Doke Kar ခေါင်းဒုတ်ခါး ရိုဟင်ဂျာ ဒုက္ခသည်စခန်း တခုတည်းတင် လူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ဒုက္ခသည်စခန်း ခေါင်းဆောင်တွေက AFP သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီဘက်က ကနဦး ကြေညာချက်တွေမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ သေဆုံးတဲ့ အရေအတွက်ကို ထည့်သွင်းကောက်ယူမထားသလို လမ်းပန်းဆက်သွယ်ရေးနဲ့ အင်တာနက်ပြတ်တောက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုကို အတိအကျ စုံစမ်းဖို့ အခက်အခဲ ရှိတဲ့အကြောင်း နိုင်ငံတကာနဲ့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ တနာရီ မိုင် ၁၃၀ နီးပါးအထိ တိုက်ခတ်ခဲ့ပြီး ရေလွှမ်းမိုးမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာကြောင့် နယ်ခြားမှာ ဖြစ်သလို အမိုးအကာနဲ့ နေထိုင်ရတဲ့ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာလို့ အသိအမှတ်မပြုတဲ့ ဒုက္ခသည်အများအပြား သေဆုံးနိုင်တယ်ဆိုပြီး အကူအညီပေးရေးအဖွဲ့တွေ ခန့်မှန်းထားကြပါတယ်။

ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်ရဖို့ VOA အနေနဲ့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်နဲ့ ရခိုင်ပြည်နယ်အတွင်းမှာလိုပဲ ရန်ကုန်တိုင်း၊ မြစ်ဝကျွန်းပေါ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာလည်း ပျက်ဆီးဆုံးရှုံးမှုတွေ အများအပြား ရှိခဲ့ပါတယ်။ သစ်ပင်တွေ ကျိုးကျပြီး အိုးအိမ်တွေ အများအပြား ပြိုကျပျက်ဆီးခဲ့တာပါ။

မိုခါ မုန်တိုင်း ဝင်ရောက်ချိန် မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မိုးများပြီး စလင်းချောင်း ရုတ်တရက် ရေကြီးခဲ့တာကြောင့် ဆင်ဖြူကျွန်းမြို့နဲ့ ချောင်းရိုးတလျောက်က ကျေးရွာ ၂၀လောက် ရေလွှမ်းမိုးခဲ့ပါတယ်။

ဒီရေလွှမ်းမိုးမှုအတွင်း အနည်းဆုံး လူ ၃ ယောက် ချောင်းရေနဲ့အတူ မျောပါသေဆုံးခဲ့သလို သိုလှောင်ထားတဲ့ ဆန် ၊ပဲ စတာတွေအပါအဝင် နေအိမ်ရှိ ပစ္စည်းတွေ မျောပါ ပျက်ဆီးခဲ့တဲ့အကြောင်း ဒေသခံတွေက VOA ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG