သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းကြောင့် စလင်းမြို့နယ် ရေကြီး အနည်းဆုံး ၃ ဦးသေ


စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံးခဲ့ရ၊ အပျက်အစီးများပြား (မေ ၁၅၊၂၀၂၃)
စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံးခဲ့ရ၊ အပျက်အစီးများပြား (မေ ၁၅၊၂၀၂၃)

မိုခါ မုန်တိုင်း ဝင်ရောက်ချိန် မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မိုးများပြီး စလင်းချောင်း ရုတ်တရက် ရေကြီးခဲ့တာကြောင့် ဆင်ဖြူကျွန်းမြို့နဲ့ ချောင်းရိုးတလျောက်က ကျေးရွာ ၂၀လောက် ရေလွှမ်းမိုးခဲ့ပါတယ်။ ဒီရေလွှမ်းမိုးမှုအတွင်း အနည်းဆုံး လူ ၃ဦးဟာ ချောင်းရေနဲ့အတူ မျောပါသေဆုံးခဲ့သလို သိုလှောင်ထားတဲ့ ဆန် ၊ပဲ စတာတွေအပါအဝင် နေအိမ်ရှိ ပစ္စည်းတွေမျောပါ ပျက်ဆီးခဲ့ပြီး လောလောဆည်မှာ စားရေးသောက်ရေးအတွက် အခက်အခဲရှိနေကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဆင်ဖြူကျွန်းမှာ ရေလွှမ်းခဲ့တာဟာ ဒီလ ၁၄ရက်နေ့ ညနေ ၄နာရီခန့်ဖြစ်ပြီး စလင်းချောင်းရေ ရုတ်တရက် ဝင်ရောက်ခဲ့တာကြောင့် ဒေသခံပြည်သူအများစုဟာ ရှောင်တိမ်းချိန်မရဘဲ ထိခိုက်ပျက်ဆီးမှုတွေ များပြားခဲ့တာပါ။ ဆင်ဖြူကျွန်းက ဒေသခံတစ်ဦးက ရုတ်တရက် ရေကြီးလာတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ရေက ဘယ်အချိန် စဝင်လည်းဆိုတော့ ၁၄ရက်နေ့ ၄နာရီမှာ စပြီးတော့ ဝင်တာ။ မုန်တိုင်းကြောင့် မိုးများတယ်ပေါ့ဗျာ။ မိုးများတဲ့ အနေအထားအရ ချောင်းတွေအားလုံးစုပြီးတော့ စလင်းချောင်းထဲကို ကျလာတာဖြစ်တဲ့အတွက် ဝုန်းဒိုင်းဆိုပြီးတော့ ရေလုံးက အကုန်လုံး ဝင်ဆောင့်သွားပြီးတော့ အဲလိုမျိုး ဘာမှကို မရလိုက်ကြဘူး။ အဲလိုဖြစ်တာ။”

ရေလွှမ်းမိုးမှုအတွင်း အနည်းဆုံး လူ ၃ဦးသေဆုံးခဲ့သလို သိုလှောင်ထားတဲ့ သီးနှံတွေနဲ့ လူသုံးပစ္စည်းတွေ အများအပြား ဆုံးရှုံးခဲ့ရတယ်လို့လည်း ဆက်ပြောပါတယ်။

စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံးခဲ့ရ၊ အပျက်အစီးများပြား (မေ ၁၅၊၂၀၂၃)
စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံးခဲ့ရ၊ အပျက်အစီးများပြား (မေ ၁၅၊၂၀၂၃)

“အသေအပျောက်ကတော့ ရှိတယ်။ ကျနော်တို့ ပြည်စိုးကုန်းရပ်ကွက်က သားအမိနှစ်ယောက် သေတယ်ပေါ့ဗျာ။ ရေမျောသွားတာ သူကတော့။ နွယ်တမယ်ရွာဘက်မှာတော့ တစ်ယောက်ပဲ။ လက်ရှိအခြေအနေကတော့ ဒီ ၃ယောက်ပဲ ကျနော်တို့ စုံစမ်းလို့ ရသေးတယ်။ ဘာတွေ ပျက်ဆီး ဆုံးရှုံးမှုတွေ ရှိလဲဆိုတော့ တောင်သူတွေက ပဲလှောင်တယ်။ ပဲတွေ ဆုံးရှုံးမှုရှိမယ်။ ဆန်၊ စပါးလှောင်တယ်။ ဆန်ကုန်သည်တွေ ဆုံးရှုံးမှုရှိတယ်။ နောက်တစ်ခါ စက်ပစ္စည်းပိုင်းဆိုင်ရာနဲ့ဆိုရင် တွင်ခုံတွေ ဆုံးရှုံးမှုရှိမယ်။ နောက် အိမ်တွေပြိုတာရှိတယ်။ နောက်တစ်ခုကကျတော့ ယာဉ်ပစ္စည်းအနေနဲ့ကတော့ ကားတွေပါ မြုပ်တာပေါ့။ ထော်လာဂျီတွေရော၊ ကားတွေရော ရေမျောသွားတာ။ ခုထိ မဆယ်ရသေးဘူး။”

ညနေပိုင်း တက်လာတဲ့ရေဟာ ည ၁၀နာရီလောက်မှာ ပြန်ကျသွားပေမဲ့ ဆင်ဖြူကျွန်းမြို့ရဲ့ ၄ ပုံ ၃ ပုံလောက် ရေလွှမ်းခဲ့ပြီး ချောင်းရိုးတလျောက်က ကျေးရွာ ၂၀လောက်လည်း ရေလွှမ်းခဲ့ကြောင်း ပြောပါတယ်။

အခြားဆင်ဖြူကျွန်း ဒေသခံအမျိုးသမီးတစ်ဦးကတော့ ရေပြန်ကျသွားတာကြောင့် နေအိမ်မှာ တင်ကျန်ခဲ့တဲ့ ရွှံ့နွံ့တွေကို ရှင်းလင်းနေရကြောင်း၊ လူအများစုဟာ နေထိုင်ဖို့ နေရ ရှိပေမဲ့ စားသောက်ရေးအတွက် အခက်အခဲရှိနေကြောင်း ပြောပါတယ်။

“အခက်အခဲက လောလောဆည် နေဖို့ ထိုင်ဖို့တော့ အဆင်ပြေတာပေါ့။ ကိုယ်အိမ်တင် ကိုယ်ဟာကိုယ် ရှင်းလင်းပြီး ပြန်နေကြတယ်လေ။ အခုအခါတော့ အဓိကကတော့ စားဖို့သောက်ဖို့ ဝယ်ခြမ်း သုံးဖို့ ဒါပဲ လိုတာပေါ့။ ဒီပြင်ရွာတွေက ရေတအားမဆိုးတဲ့ရွာတွေက လာပို့တာတွေ စားရတာပေါ့။ ချက်ပြုတ်ပြီးတော့ပေါ့၊ ထမင်းတို့ဘာတို့ လာပို့ကြတာ။ တော်တော်ပျက်ဆီးကြပါတယ်။ ဘာမှ သိမ်းချိန်ကို မရဘူးလေ။ ကိုယ့်အိမ် ပစ္စည်းတွေ၊ အိမ်နိမ့်တဲ့အိမ်တွေက အကုန်မျောတာပေါ့။ တချို့က အိမ်ပေါ်ထိတက်တယ်လေ။ အိမ်အပေါ်ထပ်ကို ရေက ၂တောင်လောက် တက်တယ်။ စလင်းချောင်းဘေးကရွာတွေ အကုန်ဖြစ်တာပဲလေ။ ရွာတွေ တော်တော်များတယ်။ အခုဟာတော့ အဆိုးဆုံးပေါ့။ အသက် ၄၅နှစ်ရှိပြီ တစ်ခါမှကို မကြုံဘူးတာ။ ပစ္စည်း ဆုံးရှုံးမှု များတာပေါ့။ တိရိစ္ဆာန်တွေလည်း မျောကြတာလေ။”

လောလောဆည်မှာတော့ ရေဘေးသင့်သူတွေကို ဒေသခံ လူမှုရေးအသင်းအဖွဲ့တွေ၊ မီးသတ်နဲ့ ကြက်ခြေနီ စတဲ့အဖွဲ့အစည်းတွေက ကူညီ ဆောင်ရွက်တာတွေရှိပေမဲ့ အများစုဟာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်ကြောင်း ပြောပါတယ်။

ဒီလ ၁၄ရက်နေ့ ဆင်ဖြူကျွန်းမှာ စံချိန်သစ်အဖြစ် မိုးရေချိန် ၁၀လက်မ နီးပါးရွာသွန်းခဲ့ကြောင်း၊ ၂၀၁၈ခုနှစ်က အရင်စံချိန်ဟောင်းဟာ ၄လက်မနီးပါးခန့်သာရှိကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG