သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆက်သွယ်ရေးကြောင့် မိုခါမုန်တိုင်းပျက်စီးမှုအတိုင်းအတာ အကဲဖြတ်မရသေး


ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မုန်တိုင်းကြောင့် ကျိုးပျက်သွားတဲ့တံတားနဲ့ ပျက်စီးသွားတဲ့ လှေများ။ (မေ ၁၅၊ ၂၀၂၃)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မုန်တိုင်းကြောင့် ကျိုးပျက်သွားတဲ့တံတားနဲ့ ပျက်စီးသွားတဲ့ လှေများ။ (မေ ၁၅၊ ၂၀၂၃)

မေလ (၁၄) ရက်နေ့က ရခိုင်ကမ်းရိုးတန်းကိုဝင်ရောက်ခဲ့တဲ့ မိုခါ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားကျယ်ပြန့်ခဲ့ပြီး အကူအညီတွေလိုအပ်နေတယ်လို့ မေလ (၁၅) ရက်နေ့ ကုလသမဂ္ဂရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မုန်တိုင်းထိခိုက်မှု ကနဦး အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး ကုလပြောခွင့်ရ Stephane Dujarric က ကုလသမဂ္ဂဌာနချုပ် နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားတာပါ။

“ရာသီဥတု ဆိုးရွားပြီး ဆက်သွယ်ရေးပြတ်တောက်နေလို့ ပျက်စီးမှုအတိုင်းအတာ အပြည့်အဝ အကဲဖြတ်ဖို့ ခက်ခဲနေပေမယ့် အစောပိုင်း အစီရင်ခံစာတွေအရ ပျက်စီးမှုကကျယ်ပြောပြီး နဂို ကတည်းက လိုအပ်ချက်တွေရှိနေတဲ့လူအများအပြားဟာ အခု လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေပါတယ်။”

ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကြိုတင်ပြင်ဆင်ထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ၊ ဝန်ထမ်းတွေနဲ့ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေ ဆက်လက် ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အေပီသတင်းရဲ့ဖော်ပြချက်မှာတော့ မုန်တိုင်းဒဏ်ကြောင့် လူ ရာနဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေသလို ၁၂ ပေ အနက်ရှိတဲ့ မြန်မာ့ကမ်းရိုးတန်းတလျှောက်ပင်လယ်ရေပြင်မှာ ပိတ်မိနေတဲ့ လူပေါင်း ၁,၀၀၀ လောက်ကို တနင်္လာနေ့မှာ ကူညီ ကယ်ဆယ်ရေးသမားတွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လူ (၆) ယောက် သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေနဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပေမယ့် မုန်တိုင်းကြောင့် ဘယ်အတိုင်းအတာအထိ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေဖြစ်ခဲ့သလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မုန်တိုင်းဟာ လေတိုက်နှုန်း မိုင် ၁၃၀ နှုန်းနဲ့ စစ်တွေမြို့နယ်အနီး ကုန်တွင်းကို ဝင်ခဲ့တာလို့ မြန်မာ မိုးလေဝသ ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့နယ် ကုန်းမြင့်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီနဲ့ စာသင်ကျောင်းလို အမာခံ အဆောက်အအုံတွေထဲမှာ ခိုလှုံနေတဲ့ လူ ၂၀,၀၀၀ ကျော်အနက် ၇၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ရခိုင်လူငယ်ပရဟိတအသင်းက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် စစ်တွေ၊ ကျောက်ဖြူနဲ့ ဂွမြို့နယ်တွေမှာ အိမ်တွေနဲ့ လျှပ်စစ်ထရန်စဖော်မာ စက်တွေ ပျက်စီးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ကိုကိုးကျွန်းမှာလည်း အဆောက်အဦ အမိုးတွေ လန်ခဲ့တယ်ဆိုပါတယ်။

မုန်တိုင်းဟာ တနင်္လာနေ့မွန်းလွဲပိုင်းမှာ အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားပျော့သွားကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG