သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူခရိုင်တွင်း စစ်ကောင်စီ နယ်မြေရှင်းလင်းရေး ထိခိုက်ပျက်စီးမှုရှိ


စစ်ဘေးရှောင်ပြည်သူများ IDP ယာယီစခန်း (Photo: C J)
စစ်ဘေးရှောင်ပြည်သူများ IDP ယာယီစခန်း (Photo: C J)

ကန့်ဘလူခရိုင်တွင်း စစ်ကောင်စီ နယ်မြေရှင်းလင်းရေး ထိခိုက်ပျက်စီးမှုရှိ

ကန့်ဘလူမြို့နယ်တွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတဦး ဦးခေါင်းကို လက်နက်ကြီးစ ထိမှန်ထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အဲဒီ စစ်ကြောင်းဟာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုရှိပြီး အထိအခိုက်ရှိတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မသိဂီင်္ထိုက် ပြောပြပါမယ်။

ဇွန်လ ၁ ရက်နေ့ မနက်အာရုဏ်တတ်ချိန်မှာ ကန့်ဘလူမြို့နယ် သင်တောကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံ အမျိုးသားတစ်ဦး ဦးခေါင်းကို လက်ကြီးစထိမှန်ခဲ့သလို၊ ကျွဲ နွားတွေလည်း ထိမှန်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဒီကနေ့မနက် ၅ နာရီခွဲမှာ ထွက်တဲ့ စစ်ကြောင်းမှာ ဒီပြည်သူ ဦးမော်ဆိုတဲ့သူက ကျွန်တော်တို့ ခေါင်းမှာ ၆၀ ဗုံးသီး ထိမှန်တယ်။ ဆုံးတော့ မဆုံးဘူးဗျ။ ဆေးကုသမှု ခံရအောင်လို့ ကျွန်တော်တို့အခု သွားနေပြီဗျ၊ ခေါင်းကိုမှန်ထားတာ။ ကျွဲတစ်ကောင်ထိတယ်၊ နောက် နွား ၂ ကောင် ထိမှန်ထားတယ်ဗျ။”

သင်တောကျေးရွာမှာ ညအိပ်နားတဲ့ အဲဒီစစ်ကြောင်းဟာ မနက် ၅ နာရီလောက် ပြန်ထွက်လာချိန် ဒေသကာကွယ်ရေး အဖွဲ့တွေက လမ်းကနေ ဖြတ်တောက် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖက်က သေဆုံး၊ ထိခိုက်တာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သင်တောက ၅ နာရီခွဲလောက်က ထွက်ပြီးတော့မှ အခု ကိုးတောင်ဘို့ အထိုင်ကို ပြန်ဝင်သွားပြီဗျ။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးဘက်က လမ်းမှာ ဖြတ်တောက်လိုက်တာက ၅ ယောက် ပွဲချင်းပြီး ၃ ယောက်က ဒဏ်ရာ ရတယ်ဗျ။ အရင်က ဥဒိသာကို အောက်ကျင်းတို့ အောက်တဲတို့ကနေမှာ သင်တောကို ဝင်ခဲ့တဲ့ စစ်ကြောင်းဗျ။”

အဲဒီ စစ်ကြောင်းဟာ သင်တောကျေးရွာအုပ်စုနဲ့ အနီးတဝိုက်က ကျေးရွာတွေကို ဝင်ရောက် နယ်မြေရှင်းလင်းရေး လုပ်ခဲ့ပြီး၊ အခုတော့ ကိုးတောင်ဘို့ အထိုင်တပ်စခန်းကို ပြန်ဝင်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေကတော့ စစ်ကြောင်းဝင်လာချိန်မှာ ရွာကနေ ထွက်ပြေးတိမ်းရှောင်ကြပြီး၊ စစ်ကြောင်းပြန်အထွက်မှာ တချို့ ကျေးရွာတွေပြန်ကြတယ်လို့ဆိုပါတယ်။

မေလ ၂၄ ရက်နေ့ကတည်းက ကျွန်းလှမြို့နယ်ကို ဝင်ရောက် နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ ခမရ ၃၆၁ စစ်ကြောင်းဟာလည်း၊ မေလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်တွေမှာ ကျေးရွာ ၄ ရွာကို မီးရှို့ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“ရွာက အားလုံးပေါင်း ၄ ရွာ ရှို့ခံရတယ်၊ ဒီ ကုက္ကိုလ်ကုန်း အုပ်စုထဲက သံပုရာပင်စုပေါ့နော်၊ သံပုရာပင်စုရယ်၊ လွတ်တိုက်ရယ်၊ ဆွဲလှဲရယ်၊ မဒေါင်ရယ်ပေါ့နော်။ ဒီရှို့ခံရတဲ့ရွာတွေက ပထမဆုံးအကြိမ်ပါဗျ။”

ခမရ ၃၆၁ နဲ့ ပျူစောထီးအဖွဲ့ပူးပေါင်းပါဝင်တဲ့ အင်အား ၁၇၀ ဝန်းကျင် စစ်ကြောင်းက ကျေးရွာ ၄ ရွာကို မီးရှို့ခဲ့ပြီး နေအိမ် ၂၅ လုံး၊ စပါးတိုက် ၃ လုံးနဲ့ ကျေးလက် ဆေးပေးခန်းတစ်ခုတို့ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၂၄ ရက်နေ့ မနက် ၂ နာရီဝန်းကျင်ကလည်း ကျွန်းလှမြို့နယ်ထဲကို ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ၂၄ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ သဖန်းဆိပ်ဆည်အတွင်းက ရွေမျှောဖောင် အကြီး ၃၀ ကျော် အပါအဝင် လုပ်ငန်းနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ဆိုင်ကယ် အစီး ၁၀၀ ကျော်တို့ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါအပြင် အဲ့ဒီလုပ်ငန်းခွင်က အလုပ်သမားနဲ့ လုပ်ငန်းရှင်တချို့အပါအဝင် လူ ၇၀ ဝန်းကျင်လောက်ကိုလည်း ကန့်ဘလူ ၆၀၀၆ တပ်ရင်းသို့ ဖမ်းဆီးသွားခဲ့ပြီး မေလ ၂၈ ရက်နေ့မှာတော့ ပြန်လွတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကန့်ဘလူခရိုင်အတွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်ဆိုတာ အတည်ပြုနိုင်ပေမယ့်၊ အခုလို အသေးစိတ်ပြောဆိုမှုနဲ့ ပတ်သက်လို့တော့ ဗွီအိုအေက သီးခြား အတည်ပြုဖို့တော့ခက်ပါတယ်။ စစ်ကောင်စီဖက်ကလည်း ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

ကန့်ဘလူ ခရိုင်အတွင်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ အမြဲမပြတ်ရှိနေတာကြောင့် စစ်ဘေးရှောင်နေရတဲ့ အရေအတွက်ဟာ တဖြေးဖြေး တိုးလာနေပြီး လက်ရှိမှာ စစ်ရှောင်အရေအတွက်ဟာ ၅၀,၀၀၀ ဝန်းကျင် ရှိနေပြီဖြစ်တယ်လို့ စစ်ရှောင်တွေကိုကူညီနေတဲ့ အဖွဲ့အစည်းတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG