သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူခရိုင်အတွင်း ပြည်သူ့စစ်ထဲဝင်ဖို့ ဒေသခံတွေကို ဖိအားပေး


ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွင်း ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတပ်ဖွဲ့ (Photo: C J)
ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွင်း ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတပ်ဖွဲ့ (Photo: C J)

ကန့်ဘလူခရိုင်အတွင်း ပြည်သူ့စစ်ထဲဝင်ဖို့ ဒေသခံတွေကို ဖိအားပေး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့က တအိမ်ကို တယောက်နှုန်းနဲ့ ပြည်သူ့စစ်သင်တန်းတွေ တက်ခိုင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ အမျိုးသား မရှိရင် အမျိုးသမီးတွေ စစ်သင်တန်းတက်ရမှာ ဖြစ်ပြီး၊ ဒီပြည်သူ့စစ်သင်တန်းကို မတက်ချင်ရင် တလကို ကျပ် ၃ သိန်းစီ ပေးရမယ်လို့ ပျူစောထီးအဖွဲ့တွေက ပြောတယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် ကိုဉာဏ်ဝင်းအောင်ပြောပြပါမယ်။

စစ်ကောင်စီတပ်တွေနဲ့ ဦးဝါဿဝ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွင်း ပျူစောထီးတပ်ရှိတဲ့ ကျေးရွာတွေမှာ ဒေသခံတွေကို တအိမ်ကို တယောက်နှုန်း ပြည်သူ့စစ်သင်တန်း တက်ခိုင်းနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ အသက် ၁၆ နှစ်ကစ စစ်သင်တန်း တက်ခိုင်းနေပြီး အမျိုးသားမရှိတဲ့ အိမ်တွေမှာ အမျိုးသမီးတွေကို စစ်သင်တန်းတက်ခိုင်းတယ်လို့ ဒေကာကွယ်ရေးတပ်ဖွဲ့တဦးက ပြောပါတယ်။

“နောက်ထပ် အသစ်ဖွဲ့တာတော့ မရှိသေးဘူး။ ခါတိုင်း ဒီ သူတို့ ပျူလုပ်နေတဲ့ ရွာတွေကိုပဲ ထပ်တောင်းတာ။ တအိမ်ကို တစ်ယောက်နှုန်း ပြန်တောင်းတာ။ တအိမ်ကို တစ်ယောက်နှုန်းခေါ်တယ်၊ ယောက်ျားလေး မရှိတဲ့ အိမ်ဆိုလည်း မိန်းကလေးပေါ့။ မိန်းကလေးလည်း သင်တန်းဆင်းရမှာပဲပေါ့။ အသက်ကို သူတို့ ၁၆ နှစ်လောက် အရွယ်က စပြီး တောင်းတယ်ဗျ။ ဒီကျွန်းလှနဲ့ ကန့်ဘလူကြားမှာ ကိုင်းတော ဆိုတာရှိတယ်ဗျ၊ သူတို့ကိုတော့ အင်အား ၁၅၀ အထိ တောင်းတယ်ဗျ။”

နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေမှာ အမျိုးသမီးတွေ ထည့်သွင်းလာတာ တွေ့ရတယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

“ယောက်ျားလေး မရှိရင် မိန်းမသား လိုက်ရမယ်။ မိန်းမသားတွေကျတော့ သူတို့ ထောက်လှမ်းရေးတွေထဲ ထည့်မယ့်သဘောမျိုး ပြောတယ်ဗျ။ သတင်းအချက်အလက် လုပ်ပေးရမယ်ပေါ့နော။ ခမရ ၃၆၁၊ ၃၆၈ သူတို့ စစ်ကြောင်းထွက်ရင် မိန်းကလေး ၄၊ ၅၊ ၁၀ ယောက်လောက်ကတော့ ပါခဲ့တယ်ဗျ။ သူတို့က ရှေ့ပြေးလိုလို ဘာလိုလို။ ပုံစံက ဘယ်လိုလည်းဆိုရင် သူတို့က မိန်းကလေးတွေက အသံလေးတွေနဲ့ စကားပြောပြီး ဟီးလီဟားလားနဲ့ ဆိုတော့ စစ်ကြောင်းလို့သာပြောတာ သူတို့က နောက်က တိတ်တိတ်လိုက်ခဲ့တာ၊ ရှေ့က မိန်းကလေးတွေကို အသံတွေနဲ့ သွားခိုင်းပြီးတော့။ အဓိကက သူတို့က ကာကွယ်ရေးအဖွဲ့တွေကို ဖမ်းချင်တဲ့သဘောပါ။ ကာကွယ်ရေးအဖွဲ့တွေက ဒါ ပြည်သူနေမှာ ပြည်သူတွေလာနေပြီဆိုရင် သွားပြီးတော့ ကြိုတာမျိုးတွေ၊ လှမ်းပြီးတော့ မေးတာမျိုးတွေ အဲ့ဒါမျိုးတွေ ဖြစ်ချိန်မှာ သူတို့က ဝေ့ဝိုက် ဖမ်းတာ၊ ပစ်ဖမ်းတာ အဲ့ဒါမျိုးတွေ လုပ်တာ။”

ပျူစောထီး တပ်ဖွဲ့ဝင်အဖြစ် စစ်သင်တန်းမတက်တဲ့ သူတွေကို တလ ၃ သိန်း လစဥ်ကောက်ခံမယ်လို့လည်း သိရပါတယ်။ ပျူစောထီးအဖွဲ့ထဲ မဝင်ချင်လို့ အမျိုးသားတွေ ထွက်ပြေးတိမ်းရှောင်မှု များလာတာကြောင့်၊ အမျိုးသားမရှိရင် အမျိုးသမီးတွေကို စစ်သင်တန်းတက်ခိုင်းတာလို့ ဒေသခံတွေက ပြောပါတယ်။ စီးပွားရေး တောင့်တင်းသူတချို့ ပျူစောထီးအဖွဲ့ကို ပိုက်ဆံပေးကြပေမယ့် မပေးနိုင်ကြတဲ့ ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဆိုပါတယ်။

“မလိုက်တဲ့သူတွေကျတော့ ၃ သိန်းတဲ့ ဒဏ်ငွေက။ လစဥ်ကြေး တစ်လကို ၃ သိန်းထည့်ရမယ်ပေါ့ အဲ့လိုပြောတယ်တဲ့ သူတို့က။ အဲ့တော့ မလိုက်နိုင်တဲ့ ရွာတွေက ပျူလုပ်နေတဲ့့ သူတို့ ပျူရွာတွေကိုက မလုပ်ချင်တဲ့သူတွေက ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေ ရှိတယ်ဗျ။ ပေးတဲ့သူတွေလည်း ရှိတယ်ဗျ၊ ပိုက်ဆံတတ်နိုင်တဲ့သူတွေ နဂိုကကိုမှာ စီးပွားရေး တောင့်တင်းတဲ့သူတွေကတော့ မဝင်ရရင် ပြီးရောဆိုပြီး သူတို့က ပေးကြတယ်ဗျ။”

ကန့်ဘလူခရိုင်အတွင်းမှာ ပျူစောထီးအဖွဲ့ဝင်ကျေးရွာတွေက ၄၀ ကျော် ၅၀ ဝန်းကျင်လောက် ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပျူစောထီးအဖွဲ့ဝင်ထဲက တချို့ ဒေသကာကွယ်ရေး အဖွဲ့တွေဆီကို ထွက်ပြေးလာကြတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်က ပြောပြပါတယ်။

“ခုဟာ သူတို့ နဂိုက လုပ်ချင်လို့ လုပ်တဲ့ကောင်တွေ ပျူလုပ်တဲ့သူတွေက တစ်ရက်ကို နှစ်ယောက် သုံးယောက်၊ တစ်ရက်ကို နှစ်ယောက် သုံးယောက် အဲ့လို ထွက်ပြေးလာကြတာတွေ အများကြီးဗျ။ အခု သူတို့နဲ့ အတူတူသင်တန်းဆင်းပြီးတဲ့သူတွေ (အတင်းအကြပ် ပြည်သူ့စစ်သင်တန်း တက်ခိုင်း ခံရတဲ့ရွာ) ဂါးထာရွာ ဆိုဂါးထာရွာ၊ ငစို့ဆို ငစို့၊ ဆည်ကြီးတို့ အဲ့ရွာတွေက ထွက်ပြေးခဲ့ကြတယ်၊ လက်နက်ကိုင်တွေနဲ့ ထွက်ပြေးခဲ့ကြတာဗျ။ ဇင်းတို့ ဇင်းဆိုရင်လည်း မနည်းဘူး ထွက်ပြေးခဲ့ပြီ။ ဘယ်လောက်မှ မကျန်တော့ဘူး သူတို့ဆီမှာ။ သူတို့တွေကတော့ မလုပ်ချင်ဘဲ လုပ်ရတာမို့လို့ ပြေးလာခဲ့ကြတာ။”

ဒေသတွင်းမှာတော့ ကျေးရွာအလိုက် ပျူစောထီးတပ်ဖွဲ့တွေဖြစ်လာဖို့ ဦးဝါဿဝ ဦးဆောင်တဲ့ အဖွဲ့က စီစဥ်နေတယ်လို့လည်း ဒေသခံတဦး ပြောပါတယ်။

“သင်တန်း ဖွင့်သံတော့ မကြားရသေးဘူး၊ ချင်မြစ်ကျင်း ကျေးရွာပေါ့နော။ အဲ့ဒါကို ဟိုတလောကမှာ အဲ့ဒီမှာ ပျူဖွဲ့ဖို့ စီစဥ်နေတယ်။ အဲ့မှာ ရှိပြီးသား ပျူရွာတွေထဲက ပျူမလုပ်ရသေးတဲ့သူတွေကိုလည်း ဇွတ်ခေါ်သလို နောက်ရွာတွေကိုလည်း ပျူဖွဲ့ဖို့ လုံးပန်းနေကြတယ်။ သူတို့လာတယ်ဆိုတော့ ရွာထဲက လူတွေ အကုန်ထွက်ပြေးတာ။ ပြန်ဝင်ဖို့၊ ပျူဖွဲ့ဖို့ ပြန်မဝင်ဘူးဆိုရင် မီးရှို့မယ်ဆိုပြီးတော့ သူတို့(အိမ်) ၅ လုံး ရှို့ပြတာပေါ့၊ ရှို့ပြတော့ ရွာသူရွာသားတွေ အကုန်ကြောက်လန့်ပြီးတော့ အကုန်ပြန်ဝင်ကြတာပေါ့။ ဝင်ကြတော့ အဲ့မှာ ပျူစခန်းထိုင်နေပြီ။ ထိုင်ပြီးတော့ ဒါသူတို့ ပျူလုပ်ခိုင်းတော့မှာပေါ့။ အတင်း အဓမ္မ။”

ကန့်ဘလူခရိုင်အတွင်းမှာတော့ ဧပြီလကနေ မေလအတွင်း အခုအချိန်ထိ စစ်ကြောင်းမပြတ်ဝင်ရောက်ပြီး နယ်မြေရှင်းခံနေရတာကြောင့် စစ်ဘေးရှောင် ဦးရေတွေ တိုးသထက် တိုးလာနေပြီး လက်ရှိမှာ စစ်ရှောင်အတွက်ဟာ ၅၀,၀၀၀ ဝန်းကျင်ထိ ရှိလာနေပြီဖြစ်တယ်လို့ စစ်ရှောင်ကူညီရေး ဆောင်ရွက်ပေးနေကြသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG